Saturday, March 22, 2014

သင့် ကျန်းမာရေး (ကင်ဆာရောဂါ) ကင်ဆာရောဂါဟာ ယခင် ကတည်းက ရှိခဲ့တဲ့ ရောဂါပါ။ အခုလို ရောဂါ ရှာဖွေတဲ့ နည်းစနစ်များ၊ ဓာတ်မှန်၊ စီတီစကင်၊ အာထရာစောင်း (Ultrasound) နဲ့ အမ်အာအိုင် ပေါ်လာတဲ့ နောက် ရောဂါကို ကြိုတင်သိမြင်ခွင့် ရသလို လူတွေရဲ့ နေထိုင်မှုနဲ့ စားသောက်မှု ပုံစံ ပြောင်းလဲလာလို့ ကင်ဆာရောဂါ ဖြစ်သူတွေ ပိုများ လာရတာပါပဲ။ အစားအသောက်နဲ့ ဆက်စပ်နေတာ ပြောရရင် ယခင်က ဓာတုဆေးလွတ်၊ သဘာဝ မြေသြဇာ လွတ်တဲ့ ဆန်စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးစတဲ့ အော်ဂဲနစ် သီးနှံတွေ စားသုံးနေရာက စိုက်ပျိုး မွေးမြူရေးတွေမှာ ပိုးသတ်ဆေး၊ မြေသြဇာ၊ ကြီးထွားနှုန်း၊ အထွက်တိုးနှုန်း ပိုကောင်းအောင် ဓာတ်မြေသြဇာတွေ သုံးလာကြတယ်။ ဓာတ်မြေသြဇာ ရွက်ဖျန်းဆေးတို့၊ ပေါင်းသတ်ဆေးတို့ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုဆေးဝါးများ ပါသလို မသုံးသင့်တဲ့ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်တဲ့ အရက်၊ အချိုရည်အမျိုးမျိုး၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့် တို့ကြောင့် ကင်ဆာရောဂါ ဖြစ်နှုန်း မြင့်မားလာ စေတယ်။ အသင့်အမြန်စား အစားအစာ (Snack) များ၊ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာမုန့်တွေ ကလည်း သွေးထဲမှာ ကိုလက်စထရောများ လာစေတဲ့ အတွက် အသည်းအဆီဖုံး၊ အသည်းရောင်နာ၊ အသည်းကြွပ်နဲ့ အသည်း ကင်ဆာ ဖြစ်စေပြီး ဆီမှာပြည့်ဝဆီ၊ ဝက်ဆီ၊ ဆီအုန်း၊ နှစ်ခါပြန်ကြော်ဆီနဲ့ ဆိုးဆေးသုံးတာ၊ အချိုဓာတ်ရအောင် ဟင်းချိုမှုန့် အသုံးများတာတွေ အပြင် မှိုတက်နေတဲ့ အယ်ဖာတောက်ဆင် (Alphatoxin)တွေကြောင့် ကင်ဆာဖြစ်နိုင်သလို ငရုတ်သီး၊ မြေပဲဆန်၊ ကွမ်းသီးတို့ အစားများတဲ့ မြန်မာတွေဟာ အသည်းကင်ဆာ ဖြစ်တာ မြင့်တက် လာတယ်။ ခုချိန်မှာ အသည်းရောင် စီနဲ့ဘီ ကူးစက်မှုဟာ တော်တော်လေး မြင့်လာတယ်။ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါရှိသူနဲ့ မုတ်ဆိတ်ရိတ်၊ လက်သည်းညှပ်၊ ပန်းကန်ခွက်ယောက် အတူတူ သုံးခြင်းများ၊ မသန့်သော ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခြင်း၊ သွားနုတ်၊ သွားဖာခြင်းကြောင့် အသည်းရောင်ဘီနဲ့ စီပိုးများ ကူးစက်ကာ ယင်းမှနာတာရှည် အသည်းရောင်ရောဂါ၊ အသည်း ကြွပ်ဆတ်နာ၊ အသည်းကင်ဆာ ဖြစ်လာရတယ်။ လူတိုင်းဖြစ်နိုင်ရင် အသည်းရောင်ဘီ ကာကွယ်ဆေး ထိုးထား သင့်တယ်။ ရောဂါဖြစ်လာရင် ပျောက်ကင်းအောင် ကုသ သင့်တယ်။ ကြိုတင် ကာကွယ်ခြင်း အပိုင်းမှာ အစားအသောက်များကို ဂရုပြု စားသောက်ပြီး ကယ်လိုရီဓာတ် များသော အစာများ၊ ကိုလက်စထရော တက်တဲ့ အစာများ ရှောင်ရမယ်။ မှိုတက်တဲ့ ပစ္စည်းနဲ့ ချက်ထားတဲ့ ဟင်းများ ရှောင်ပါ။ ရေဆာရင် အချိုရည် မသောက်ဘဲ ရေသောက်ပါ။ အရက်၊ ဘီယာ၊ အချိုရည်ရှောင်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ နေ့စဉ်နာရီဝက်ခန့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပါ။ အပြေး လမ်းလျှောက်နဲ့ စက်ဘီးစီးပါ။ ဖြစ်နိုင်ရင် အိမ်သား အားလုံး အသည်းရောင်ဘီ ကာကွယ် ဆေးထိုးနှံ ထားကြဖို့ လိုပါတယ်။ ။ ဒေါက်တာလွင်သန့် (ဆေး-၂) မြ၀တီ

No comments: