Wednesday, February 22, 2012
Thursday, February 16, 2012
အခြေခံဥပဒေ ပြင်ရမည်ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြော
တပ်မတော်မှ အာဏာလွှဲပြောင်းယူနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်သည် မရှိသင့်၍ ပြင်ဆင်ရမည် ဖြစ် ကြောင်း မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြား လိုက် သည်။
“အနာဂတ်မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချလို့ရတဲ့ အခြေခံ ဥပဒေ၊ အားလုံး ညီတူညီမျှ ပြည်ထောင်စု ဘ၀ စစ်စစ်ကို ရအောင် ကျနော်တို့ မျိုးဆက်သစ်တွေနဲ့ ကြိုးစားသွားမှာပါ။ အခြေခံ ဥပဒေကို ရအောင်ပြင်မှာပါ”ဟု ကိုနေမျိုးဇင်က ဧရာဝတီကို ပြော သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် မျက်နှာဖုံး
ကိုနေမျိုးဇင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီး ယခု အခါ NLD ပါတီ ရန်ကုန်တိုင်း ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ၏ ဆက်သွယ်၊ ပြန်ကြားရေး ဘက်တွင် တာဝန် ယူထားကြောင်း၊ လွှတ်တော်တွင်းကို ၀င်ရောက်ခွင့်ရရန် ကြိုးစားမည်ဖြစ်ကြောင်း၊ BG ပရဟိတ သွေးလှူဒါန်းရေး ကိုလည်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ပြဌာန်းထားသည်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ပြင်ဆင် ခွင့်အဆိုပြုပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း က ထောက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည်ဖြစ် သဖြင့် အခြေခံ ဥပဒေပြင်ဆင်ရန် လက်ရှိအခြေအနေတွင် လွန်စွာခက်ခဲကြောင်း မန္တလေးမြို့က ရှေ့နေ ကိုမြင့်သွင်က ပြောသည်။
“အဓိက ပြည်သူဘက်ကရပ်တည်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေနှံ့စပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ် တော်ထဲ များများရောက်ဖို့ လိုတယ်”ဟု သူက ဆိုသည်။
အရေးပေါ်ကာလ အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပြောင်းသည်ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံများ တွင် မရှိ ကြောင်း၊ တိုင်းပြည်တွင် တရားဥပဒေစိုးမိုးမှုရှိပြီး တရားဥပဒေကို နိုင်ငံသားများစွာ သိရှိလာချိန်တွင် ပြင်ဆင်နိုင်မည် ဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်တွင်း ရောက်သွားသည့်တိုင် အနည်းဆုံး အစိုးရသက်တမ်း နှစ်ကြိမ် ခန့် ကြာမှသာ အခြေခံဥပဒေပြင်ဆင်ရေး ချောမွေ့သွားမည်ဟု ယူဆကြောင်း ကိုမြင့်သွင်က ဆိုသည်။
“လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံ့ဝန်ထမ်းများ မဖြစ်ရ။ ခြွင်းချက်- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ အပ လို့ ရေးထားတယ်။ အဲဒီအချက်က တချိန်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ပါဝင်ခွင့် မရှိဘူးဆိုတာကို ၀န်ခံထားတဲ့သဘောပါ၊ တချိန်မှာ လေးပုံတပုံလည်း ရှိတော့မှာ မဟုတ်တော့ဘူး။ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ပုံစံမျိုးဖြစ်စေ၊ အင်ဒိုနီးရှား ပုံစံမျိုးဖြစ်စေ တဖြည်းဖြည်း နဲ့ နောက်ဆုတ် သွားမယ့်ပုံစံမျိုး အဓိပ္ပာယ်သက်ရောက်ပါတယ်”ဟု သူက ဆက်ရှင်းပြသည်။
ကိုနေမျိုးဇင်ကလည်း အခြေခံဥပဒေသည် ချက်ချင်းပြင်ဆင်ရန်ခက်ခဲပြီး အချိန်အတိုင်းအတာတခုကို မဖြစ်မနေ ဖြတ်သန်း ရမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း နားလည်စေလိုကြောင်း၊ သို့အတွက် အားလုံးကို ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၁၈ (က)၌ “အရေးပေါ် အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အ တွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင် ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်”ဟု ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ကလည်း လက်ရှိအခြေအနေမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း လူသိရှင်ကြား ကတိပေးထားရာ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ချောမွေ့မည်ဟု ယုံကြည်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆိုသည်။
ထို့အပြင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးဆောင်ပြီး စိတ်ပါဝင်စားသူများနှင့် အတူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုင်ရာ ပညာပေးရေးအတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူလူထုသိသင့်သော အရေးပါသညိ့ အချက်များကို အပိုင်း လိုက် ဖြန့်ဝေ ပညာပေးသွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မူရင်းအတိုင်းဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကြား၌ ဖွဲ့စည်းပုံဆိုင်ရာ ပညာပေးရေး အတွက် အစိုးရနှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ကူညီအားဖြည့်ပေးခြင်းဖြစ်ကြောင်း ကိုနေမျိုးဇင်က ပြောသည်။
အခြေခံ ဥပဒေစာအုပ်များကို စာပေဗိမာန်က တအုပ်လျှင် ၃ ထောင်ကျပ်နှင့်ရောင်းချပေးနေသော်လည်း ပြည်သူအများစု သည် အခက်အခဲအမျိုးမျိုးရှိ၍ ၀ယ်ယူဖတ်ရှုသူ နည်းပါးသည်ဟုလည်း ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစု များစွာ မပါဝင်ဘဲ န၀တ၊ နအဖ စစ် အစိုးရကရေး ဆွဲခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း သိန်းချီ သေဆုံးပြီးချိန် မေလအတွင်း၌ပင် ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပ၍ ပြည်သူလူထု ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံ သည် ဟု ကြေညာပြီး အတည်ပြုခဲ့သည်။
အသက် ၃၇ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ၂၀၁၁ ခုနှစ်အတွင်းကဖမ်းဆီးခံခဲ့ရပြီး အီလက်ထရွန်နစ် ပုဒ်မနှင့် ထောင်ဒဏ် ၁၀ နှစ် ချခံခဲ့ရသည်။ အကျဉ်းထောင်တွင်း၌ ခါးရိုးဆိုင်ရာဝေဒနာကိုလည်း ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတီရှပ်ကို အကျဉ်းထောင်တွင်း သွင်းယူရန်ကြိုးစားသည့်အတွက် တရားမ၀င်ပစ္စည်းသွင်းမှုဖြင့် တရားဆက်လက်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ဆုံးတွင် အမှုကို တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။
Source: Irrawaddy News.
Monday, February 13, 2012
Political View of After Returned to Burma
အပေါ်ယံတွေ့၇တဲ့ပြောင်းလဲမှုတွေကမျက်စိမှားစရာမရှိပါဘူး. အင်တာနက်သုံးရတာပိုလွယ်တယ်။ လမ်းဘေးမှာဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ ဗြောင်ချရောင်းတာတွေလုပ်နိုင်လာတယ်။လွန်ခဲ့တဲနှစ်ပေါင်းနှစ်ဆယ်လုံးလုံးစစ်အစိုးရကိုဝေဖန်ခဲ့တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့ အမေရိကန်အစိုးရကိုယ်တိုင်ကနိုင်ငံရေးအကျဉ်းသားတွေလွတ်လာပြီးနောက်မှာသံတမာန်ဆက်ဆံရေးတွေအဆင့်မြင့်ဖို့ဆုံးဖြတ်တာတွေလုပ်လာတယ်။ဒါပေမယ့်နိုင်ငံဖွဲ့စည်းပုံ (Power Structure) ပြောင်းလဲမှသာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်စပြီလို့ပြောနိုင်ပါတယ်။နောက်ပြီးအမေရိကန်ုအစိုးရဟာလူ့အခွင့်အရေးတွေ ဒီမိုကရေစီရေးတို့ထက တစ်ခြားသံတမာန်ရေးဆိုင်ရာတွေကိုအဓိကစဉ်းစားလာတယ်။
အချို့နိုင်ငံရေးတက်ကြွသူတွေက အရင်ကမဖြစ်နိုင်ပါဘူးလို့တွက်ထားကျတဲ့အရာကိုတိုးတိုး တိုးတိုးနဲ့ပြောသံကြားခဲ့တယ်။အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့အစိုးရရဲ့အသုံးချတာခံနေရတာဆိုပြီး မေးခွန်းထုတ်နေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့စေ့စပ်ဆွေးနိုင်အောင် အမေရိကန်အပါအ၀င်အနောက်နိင်ငံကြီးတွေကအတင်းအကျပ်ဖိအားပေးခံလာရလို့ဦးသိန်းစိန်အစိုးရနဲ့ စကားပြောရတာလားဆိုပြီးတော့
မေးခွန်းထုတ်လာကြတယ်။၂၀၀၈ခုနှစ်အခြေခံဥပဒေအရ မြန်မာနိုင်ငံဟာစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာမှာမဟုတ်တာသေချာတယ်။အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့နိုင်ငံအဖြစ်နဲ့ပဲဆက်လက်ရှိနေမှာဖြစ်ပြီးတရုတ်ရဲ့သြဇာလွှမ်းမိုးမှုကိုချိန်ခွင်လျှာပြန်ညှိနေတဲ့အမေရိကန်နိုင်ငံနဲ့အနောက်နိုင်ငံတွေကဒါကိုသိသိနဲ့လက်ခံနေမှာပဲ။
တစ်ကယ်တော့အနောက်နိုင်ငံတွေဟာ မြန်မာနဲဆက်ဆံနေချင်တာကြာပြီဖြစ်ပေမယ့်သူတို့ပေါ်လစီကို ချက်ချင်းပြောင်းလို့မကောင်းတဲ့အတွက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်ကို ကြားထဲကနေဦးသိန်းစိန်အစိုးရကိုလက်ခံလာအောင်တွန်းအားပေးခိုင်းခဲ့တာဇြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံလုအဖြစ်သုံးတာလားဆိုပြိးမေးခွန်းထုတ်စရာဇြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဲဖြစ်ကျွန်တော်အပါအ၀င်ပြည်သူအများစုကဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်ပါတယ်။၂၀၁၂ဧပြီလမှာကျဉ်းပမယ့်ကြားဇြတ်ရွေးကောက်ပွဲဝင်ရုံနဲ့မြန်မာဟာစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံမဇြစ်သေးပါဘူးအမတ်၄၈နေရာလံုးနိုင်တောင်မှလွှတ်တော်မှာဆယ်ရာခိုင်နှုန်းတောင်မရှိသေးပါဘူး။ နိဂုံးချုပ်အားဖြင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDဟာ၂၀၁၅ရွေးကောက်ပွဲမှာ
ရာခိုင်နှုန်းအများနဲ့နိုင်ပြီးအစိုးရဖွဲ့နိုင်မှရိုးရိုးရှင်းရှင်းအရပ်စကားနဲ့ပြောရရင်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အကြီးအကဲအဖြစ် အခြားစစ်ဗိုလ်ချုပ်တွေမဟုတ်တဲ့  ရိုးသားဖြောင့်မတ်ပြီးဥာဏ်ပညာပြည်စုံတဲ့အရပ်သားတွေထဲက ၀န်ကြီးနေရာတွေရလာမှမြန်မာဟာအမှန်တကယ် လူ့အခွင့်အရေးနဲ့်တကွဒီမိုကရေစီထွန်းကားလာပြီးရှေးတစ်ချိန်ကလိုကြွယ်ဝချမ်းသာလာမယ်လို့ယုံကြည်မိပါတယ်။
Monday, February 6, 2012
Saturday, February 4, 2012
မြန်မာတို့ ရဲ့ ပထမဆုံးများ
မြန်မာတို့ ရဲ့ ပထမဆုံးများ
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း
( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၆။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမပျဉ်းမနား ဒေါ်ပု
၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်
Source: Zaw Min Tun facebook
Friday, February 3, 2012
မြန်မာအပြောင်းအလဲ စိတ်မချရသေး
Source: VOA Burmese
အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ တက်ကြွ လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာဟာ လုံးလုံးလျားလျား ပြောင်းလဲသွားတာ မဟုတ်သေးဘဲ ပြောင်းလဲဖို့ အစပျိုးတဲ့ အခြေအနေမှာသာ ရှိနေတာဖြစ်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေက ထင်နေသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲတာမျိုးလည်း မဟုတ်သေးဘူးလို့ ဖေဖော်ဝါရီလ ၂ ရက်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
National Endowment for Democracy အဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အနုပညာရှင် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့်တို့နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်းကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
ဒီအခမ်းအနားကို ရောက်လာတဲ့ ကိုဇာဂနာက သူ့ရဲ့ အမေရိကန်ကိုလာရင်း ရည်ရွယ်ချက်ကို ဗွီအိုအေကို အရင်ဆုံး အခုလို ရှင်းပြပါတယ်။
”ကျနော်ဒီကိုလာတာ နံပါတ် ၁ - အလည်လာတာ မဟုတ်ဘူးပေါ့။ နောက်တခုက မြန်မာပြည်မှာ ခေတ်စားနေကြသလို shoping ထွက်တာလည်း မဟုတ်ဘူး၊ နောက် တတိယတချက်ကတော့ ကျနော် ဒီကိုလာတာ ဖျော်ဖြေပွဲလုပ်ဖို့ လာတာလည်း မဟုတ်ဘူးပေါ့။ ရောက်တဲ့နေ့ကတည်းက ပြောလိုက်၊ ဆိုလိုက်၊ ဆွေးနွေးလိုက်ရတာတွေ အားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ကျနော် ပြောနေရတာပါ”
ဒီကနေ့ပြုလုပ်တဲ့ပွဲမှာ မကြာခင်က မြန်မာနိုင်ငံကို ၂ ခေါက်သွားရောက်ခဲ့ဖူးတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စနာလည်း တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ပို့စနာက မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဇာဂနာအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သူတွေ့ခဲ့ဖူးကြောင်းနဲ့ သူ့အနေနဲ့ အရင်က မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းမသိခဲ့ဘဲ ဝန်ကြီး ဟီလာရီကလင်တန်နဲ့တခေါက်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နဲ့တခေါက် သွားရောက်ခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံ အခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ကြောင်းတွေ ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကို ဆက်ပြီးပံ့ပိုးသွားမယ်လို့ အခုလို ဆိုပါတယ်။
”ဒီမိုကရေစီစနစ်ကို ပြောင်းလဲရာမှာ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နမူနာတွေ ကျနော်တို့ တွေ့ခဲ့ကြရပါပြီ။ အီဂျစ်နိုင်ငံသားတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ ပိုင်ဆိုင်ဖို့နဲ့ သူတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြတာ မလွယ်ကူဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ကြရပါပြီ။ ထိုနည်းတူပဲ မြန်မာနိုင်ငံဟာလည်း အီဂျစ်တို့လို၊ အာရပ်နိုင်ငံတွေနဲ့မတူ ကွဲပြား ခြားနားစွာနဲ့ ဒီမိုကရေစီ အခင်းအကျင်းတွေ ခက်ခက်ခဲခဲ တည်ဆောက်နေတာကို ကျနော်တို့က ပံ့ပိုး အားပေး ထောက်ခံသွားကြရပါမယ်”
ဒီပွဲကို တက်ရောက်လာကြတဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ သိလိုသမျှ မေးမြန်းကြတာကို တက်ကြွ လှုပ်ရှားသူတွေက ပြန်လည်ဖြေကြားကြပါတယ်။
ကချင်အမျိုးသမီးရေးရာတွေကို ဆောင်ရွက်နေတဲ့ ဒေါ်ဘောက်ဂျာက တနိုင်ငံလုံး ပြောင်းလဲကုန်ပြီလို့ ပြည်ပက ထင်နေကြမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း အခုလို ပြောပြပါတယ်။
”တိုင်းရင်းသားဒေသတွေမှာ မဖွံ့ဖြိုးမချင်း၊ မအေးချမ်းမချင်းကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဘယ်လိုပဲ ပြောင်းလဲပါတယ်လို့ ပြောနေပေမယ့် ပြောင်းလဲနေတာက နေပြည်တော်နဲ့ မြို့ပေါ်ဖြစ်တဲ့ ရန်ကုန်မြို့လောက်ပဲ ပေါ့နော်- အဲလောက်ပဲ နည်းနည်းလေး လှုပ်တာပါ။ ကြီးကြီးကျယ်ကျယ် ပြောင်းလဲခြင်း ဆိုတာတွေလည်း မရှိခဲ့ပါဘူး။
အဲဒါကြောင့် ကျမတို့ရဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးလည်း ဖြစ်သလို တိုင်းရင်းသားဒေသမှာ သူတို့တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိမယ်ဆိုရင် ကျန်တာက အလိုလိုနေရင်းနဲ့ ပြောင်းလဲသွားနိုင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”
အရေးယူပိတ်ဆို့ ဒဏ်ခတ်တာတွေကို သူ့အနေနဲ့ မထောက်ခံပေမယ့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာ့အရေးမှာ လက်နက်ကိရိယာတခု ဖြစ်တယ်ဆိုတာကိုတော့ သူ သဘောတူကြောင်းကိုလည်း ကိုဇာဂနာက ဒီပွဲမှာ ပြောပါတယ်။ ဘာကြောင့် သူမထောက်ခံရသလဲဆိုတာ ဗွီအိုအေကို ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။
”ပိတ်ဆို့ခြင်းကို ကျနော့ရဲ့ တဦးတည်း ပုဂ္ဂလိကဆန္ဒအရ ပြောရမယ်ဆိုရင် နည်းမျိုးစုံ လျှောက်ရှာ နေရတဲ့အတွက် အခြား မလိုလားအပ်တဲ့ထွက်ပေါက်တွေ ဖြစ်ကုန်မယ်။ အဲလိုမျိုး အလားသဏ္ဍန်နဲ့ ကျနော် နမူနာရှင်းတာပါ။ ကျနော် ဘယ်လိုပိတ်ပိတ်မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ပိတ်တာမှန်ရင် ဘယ်ပိတ်တာကိုမှ ကျနော်မကြိုက်ဘူး ဆိုတဲ့ သဘောနဲ့ပြောတာပါ”
ကိုဇာဂနာအနေနဲ့ နယ်ပယ်အနှံ့ကလူတွေနဲ့ ထိတွေ့ဆက်ဆံနေသူဖြစ်တာကြောင့် အတွေ့အကြုံ၊ အကြားအမြင် အားလုံးအပေါ်မှာ ခြုံငုံပြီး မြန်မာနိုင်ငံမှာ တကယ်ပဲ ပြောင်းလဲနေပါပြီလားလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -
”ကျနော်က အပြောင်းအလဲကို လုံးလုံးလျားလျား ပြောင်းလဲနေပြီလို့ ကျနော် မပြောနိုင်ဘူး။ သေချာတယ်။ မပြောင်းလဲသေးဘူး၊ ပြောင်းလဲမှုရဲ့ အစပျိုးနေတုန်းပဲ ရှိသေးတယ်။ ရောင်နီသန်း လာစလေးပဲ။ သို့သော် အဲဒီကနေ အမှောင်ထဲ ပြန်မရောက်သွားအောင် ရှေ့လျှောက်ပြီးတော့ အလင်းထဲပဲ ဆက်သွားမယ်။ အခုမှ ကျနော်တို့ ရောင်နီသန်းတာကို။
ရောင်နီသန်းပြီး နေ့ခင်း အလင်းရောင်ကို ကျနော်တို့ သွားရမယ်ဆိုရင် အဲဒီအချိန်မှာ တယောက်ကို တယောက် အညှိုးအတေးတွေ မရှိအောင် ဒီလူတွေကို network စမယ်။ ဒီလူတွေကို စုပြီးတော့ ရွှေ့သွားရင် တဖြည်းဖြည်းချင်းနဲ့ အလင်းထဲရောက်သွားရင် ကျနော်တို့တိုင်းပြည် ကောင်းလာမှာပေါ့။ ကျနော်တို့က သစ်ပင်ပေါ် မတက်ရဲတဲ့ရှင်လောင်း၊ ရေထဲတောင် မဆင်းရဲတဲ့ရှင်လောင်းလို ဖြစ်နေတယ်။ သိပ်ဂရုစိုက်ပြီး သိပ် fragile ဖြစ်နေတယ်။ အချိန်မရွေး ကျကွဲနိုင်တယ်”
ကိုဇာဂနာနဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုက တခြားသောမြို့ကြီးတွေမှာလည်း သွားရောက်ပြီးတော့ အလားတူ မြန်မာနိုင်ငံအကြောင်း မေးမြန်းဆွေးနွေး ဟောပြောပွဲတွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
Thursday, February 2, 2012
Wednesday, February 1, 2012
မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိ
မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ
Source: Eleven Media Group
Wednesday, 01 February 2012 15:46
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။
Subscribe to:
Comments (Atom)





