Sunday, October 30, 2011

ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ် ဆွေးနွေး

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ ဟာ တနဂင်္နွေ နေ့ နေ့လယ်က စတုတ္တ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်နဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုဆိုင်ရာ စီးပွားရေးကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းမှု ထာဝရ ဖြစ်ထွန်းရေးနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ တယ်လို့ ဆွေးနွေးပွဲ အပြီး သတင်း ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံပြန်တင်မယ့် အခြေအနေ ရှိပါသလားဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြောင်းလဲမှု အတည်ဖြစ်လာတဲ့ အချိန်မှာ ဒီကိစ္စကို NLD က အစည်းအဝေးထိုင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တခါ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ အစီအစဉ် ရှိမရှိ ဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အစိုးရ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စုံလည်း မခုန်ဘူး၊ ရပ်လည်း မနေဘူး၊ တလှမ်းချင်း ဆောင်ရွက်နေတယ်ဆိုပြီး တုံ့ပြန် ပြောဆိုသွားပါတယ်။

အရင် ဆွေးနွေးပွဲတွေတုန်းကလည်း ဆွေးနွေးတဲ့ ကိစ္စရပ်တွေလောက်သာ နှစ်ဖက် ထုတ်ဖေါ် ပြောဆို ခဲ့သလို အခု ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့လဲ ဘာမှ အသေးစိတ် ထုတ်ဖေါ် ပြောဆို သွားခြင်း မရှိပါဘူး။

အစိုးရဘက်က တလှမ်းချင်း လှမ်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးအောင်ကြည်က ပြောသွားသလို ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဖက်ကို ကြည့်မယ်ဆိုရင်လည်း ပါတီ မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားမှုတွေ ရှိနေတဲ့အတွက် NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး အတွက် ခြေလှမ်းတွေ စလှမ်းနေပြီလို့ ယူဆရကြောင်း ဗဟု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

Source: BBC Burmese

ဂဒါဖီသား လက်နက်ချနိုင်ဖို့ ICC ညှိနှိုင်းနေ

တရားခံပြေးတစ်ဦးဖြစ်ပြီး သေဆုံးသွားတဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ သားဟာ တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် လက်နက်ချဖို့ ကြားခံတစ်ဦးကတဆင့် ဆွေးနွေးနေကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး ICC ကပြောဆိုလိုက်ပါတယ်။

ဆာဟိ အယ်လ် အစ္စလာမ် ဂဒါဖီ ကို အာဖရိကနိုင်ငံတစ်ခုကို ထွက်ပြေးနိုင်ဖို့ ကြေးစားတပ်ဖွဲ့တွေက အကူအညီပေးနေကြောင်း လေ့လာသိရှိရတယ်လို့ ICC နိုင်ငံတကာတရားရုံးရဲ့ ရှေ့နေ လူးဝစ် မိုရီနို အိုကမ်းပိုး ကပြောပါတယ်။

ဂဒါဖီရဲ့သားကို လေယာဉ်နဲ့တင်ဆောင်လာမယ်ဆိုရင် လေယာဉ်ကို ICC တရားရုံးအနေနဲ့ ကြားဝင် ဟန့်တားပိုင်ခွင့် ရှိတယ်လို့လည်း မိုရီနို အိုကမ်းပိုး ကပြောပါတယ်။ မကြာခင်ကရရှိတဲ့ သတင်းတွေအရ ဆာဟိ အယ်လ် အစ္စလာမ် ဟာ ဆာဟာရကိုဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုကို သွားနေတယ်လို့ဆိုပါတယ်။

ဆာဟိအစ္စလာမ်ဂဒါဖီအပေါ် နိုင်ငံတကာ တရားရုံးက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူ့အဖေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြားခံလူကတဆင့်ပြောဆိုရာမှာ ဆာဟိအစ္စလာမ်က သူဟာ အပြစ်မရှိသူတစ်ဦး ဖြစ်ပါတယ်လို့ ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Source: VOA Burmese

The Best Intelligence Agency

ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ်... ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။
CIA ရယ်... FBIရယ်... မြန်မာထောက်လှမ်းရေးရယ်...
ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု
စမ်းသပ်လိုက်တယ်၊တောအုပ်တစ်ခုထဲ​ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို
သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
ပထမဆုံး CIA ၀င်သွားတယ်။
သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။တိရိစ္ဆာန် သတင်းပေးတွေကို
နေရာအနှံ့ ချထားတယ်။သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ဒါပေမယ့်
လုံးဝ မတွေ့ဘူး။ ရှုံးတယ်။
အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ
"ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။မတွေ့ဘူး။
မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။
နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့​။
သိပ်မကြာပါဘူး။မိလာတယ်။

ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ဝက်ဝံတစ်ကောင်​။
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...
အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့..
ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ...တဲ့...

Sunday, October 16, 2011

သွေး အုပ်စုများ၏ ဖြတ်သန်း လာရသော သမိုင်းကြောင်းနှင့် လက်ရှိ အခြေအနေ (၁)

Source :ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်

သွေးသည် သဘာဝ မှ ပေးထားသော အားဖြစ်သည်။ အသက်ရှင်သန်မှုအတွက် အဓိက လိုအပ်သော အရာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ သွေးမရှိလျှင် အသက်ရှင်နိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သွေးသည် အသက်၊ အသက်သည် သွေးဟု ဆိုကြသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော သေးငယ်သည့် သွေးတစ်စက်တွင် မျိုးရိုးဗီဇဆိုင်ရာ လျှို့ဝှက်သင်္ကေတများ ပါဝင်နေသည်။ ဒီအန်အေ (DNA) ဟုခေါ်သော မျိုးရိုးဗီဇ သင်္ကေတသည် အကောင်း ပကတိရှိနေပြီး လူ့ခန္ဓာကိုယ်ထဲတွင် အဆုံးအစ မထင် ပုံတူပွား နေခဲ့သည်။



လူသားတို့၏ သွေးထဲတွင်လည်း မျိုးရိုးဗီဇဆိုင်ရာ မှတ်တမ်းများ အတိုင်းအဆမဲ့ ပါဝင်နေသည်။ အဆုံးအစ မထင်သော ဘိုးဘွားဘီဘင်တို့ထံမှ မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော မှတ်တမ်းများဖြစ်သည်။ သိပ္ပံပညာရှင်များက ယနေ့ထက်တိုင် ၄င်းလျှို့ဝှက်မှတ်တမ်းများကို သိမြင် နားလည်နိုင်အောင် ကြိုးစား အားထုတ်ရာတွင် အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သွေးထဲတွင်ရှိသော လျှို့ဝှက် သင်္ကေတများကိုလည်း သိမြင် နားလည်အောင် ကြိုးစားလာရင်း လူ့ဘ၀တွင် သွေး၏ အရေးပါပုံနှင့် ထူးခြား ဆန်းကြယ်ပုံကို အတော်အသင့် အဓိပ္ပါယ် ဖော်နိုင်လာခဲ့သည်။ သွေးအုပ်စုများကို သိနားလည်လာရင်း သွေးအုပ်စုတို့သည် လူသားတို့ ဘ၀ကိုမည်သို့ ခြယ်လှယ်နေသည်ကို သိရှိလာခဲ့ကြသည်။ သွေးသည် မျက်စိဖြင့်ကြည့်ပါက အနီရောင် အရည်သာဖြစ်သည်။ အဏုကြည့်မှတ်ပြောင်း အောက်တွင်ကြည့်မှသာ မတူညီသည့် ပစ္စည်းများစွာ သွေးထဲတွင် စုပေါင်းပါဝင်ကြောင်း တွေ့ရှိရပေမည်။ သွေးထဲရှိ သွေးနီဥများတွင် Hemoglobin ခေါ် သံဓါတ်ပါဝင်သည့် ထူးခြားသည် ပစ္စည်းတခုက Oxygen ကို သယ်ဆောင်သည်။ ထို့ပြင် ၄င်းသည် သွေး၏ အရောင်ကို သံချေးရောင် ဖြစ်စေသည်။

သွေးနီဥများ ရှိသကဲ့သို့ သွေးဖြူဥများလည်း ရှိသည်။ ၄င်း သွေးဖြူဥများသည် သွေးနီဥများလောက် မများသော်လည်း ရောဂါဘယဘေးမှ ကာကွယ်ပေးနိုင်သည့် ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်ကြသည်။ သွေးဖြူဥများအပြင် အသားစ (Tissue) များဆီသို့ အာဟာရများ ပို့ဆောင်ပေးသော Protein များ၊ သွေးခဲစေသော သွေးခဲပစ္စည်းများ နှင့် သွေးရည်ကြည်များ တို့သည် သွေးဟုခေါ်သော အသက်ရှင်သန်မှုနှင့် သက်ဆိုင်သည့် ရှုပ်ထွေးပွေလီသော အရည်၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ထိုမျှ ရှုပ်ထွေးပွေလီသော အရေးကြီးသော သွေး သည် လူသားတို့ မွေးဖွားခြင်း ၏ဆန်းကြယ်မှု၊ ရောဂါဘယများ၏ ခြိမ်းခြောက်မှု ၊ စစ်ပွဲများနှင့် ရုတ်တရက် သေဆုံးမှုကို ဖြစ်စေသည့် မူလပထမ တွန်းအား ဖြစ်သည်။ လူသားတို့၏ ယဉ်ကျေးမှု ဘ၀ကြီး တစ်ခုလုံးသည် သွေးသားဆက်စပ်မှု အပေါ်အခြေတည်၍ တည်ဆောက်ထားသည်။ လူမျိုးနွယ်စုများ ၊ ဆွေမျိုးစုများ ၊ မင်းဆက်များတို့သည် သွေးအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် လူ့သမိုင်းကာလတစ်လျှောက် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား အဖြစ် ကာလရှည်ကြာ ရှိနေခဲ့သည်မှာလဲ သွေးပင်ဖြစ်သည်။ ရှေးခေတ်က သွေးစည်းညီညွတ်မှုနှင့် သစ္စာရှိမှုကို သက်သေပြုရန် လက်မောင်း သွေးဖောက်ပြီး သစ္စာဆိုကာ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့ကြသည်။



လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ခန့် ကာလမှ စ၍ ဘိုးဘွားဘီဘင်များ၏ အုပ်စုဖွဲ့ နေထိုင်မှုများနှင့် ရွေ့လျားပြောင်းလဲမှုများကို ခြေရာခံ ဖော်ထုတ်နိုင်မည့် သွေးအုပ်စု (သို့) သွေးအမျိုးအစား စသည့် ဇီဝဆိုင်ရာ အမှတ်အသား များကို ရှာဖွေတွေ့ရှိပြီး အသုံးပြု နိုင်လာခဲ့ကြသည်။ ဘိုးဘွား ဘီဘင်များသည် အမြဲမပြတ် ပြောင်းလဲနေသော ရာသီဥတု၊ ရောဂါပိုးမွှား၊ အစားအစာ အာဟာရတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသည်။ ၄င်း စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း သွေးအုပ်စုများသည် အမျိုးအစားများ ကွဲပြားခဲ့ကြသည်။ ထိုကဲသို့ကွဲပြားမှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးကို လိုက်လျောညီထွေ နေထိုင်အသက်ရှင် နိုင်သည့် လူသား အရည်အသွေးနှင့် လုံးဝဆက်စပ် နေသည်ဟု ကောက်ချက် ဆွဲနိုင်ခဲ့သည်။ ၄င်းစိန်ခေါ်မှု အများစုသည် အစာချေစနစ် (Digestive System) နှင့် ရောဂါကို ခုခံကာကွယ်သောစနစ်(Immune system) ကို အဓိက ပစ်မှတ်ထား ထိုးဖောက် ၀င်ရောက်သည်။ ၄င်း စနစ် ၂ ခုသည် လူသားတို့၏ အသက်ရှင်နေထိုင်မှုနှင့် လည်း တိုက်ရိုက်ဆက်စပ်နေသည်။ လူသား မျိုးနွယ်စုတို့၏ အသက်ရှင်သန်မှု သမိုင်းကြောင်းအရ မည်သည့် နေရာတွင် အခြေချနေထိုင်ခဲ့သည်၊ မည်သည်တို့ကို စားသောက် ရှင်သန်ခဲ့သည် တို့ကို လေ့လာခဲ့ရာ လူတို့၏ ဇာတ်လမ်းသည် အသက်ရှင်သန်နေထိုင်နိုင်ရန် အစာရှာဖွေခြင်းနှင့် စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးသိန်းခန့် (သို့) ထို့ထက်ပိုစောသောအချိန် ဥရောပဒေသနှင့် အာရှကုန်းမြေတွင် ကျောက်ခေတ် လူသားများ စတင်အခြေချခဲ့ကြသည်ကို လေ့လာတွေ့ရှိခန့်မှန်းနိုင်ခဲ့သည်။ အချို့အဆိုအရ သမိုင်းမတင်မီကာလတွင် လူသားတို့သည် အာဖရိကဒေသ၌ သန္ဓေတည်ခဲ့ပြီး ထိုမှတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်သည်ဟုလည်းဆိုကြသည်။ သမိုင်းမတင်မီခေတ်တွင် လူသားတို့သည် ရောဂါကူးစက်မှု၊ ကပ်ပါးကောင်များ၏အန္တရာယ်၊ တိရစ္ဆာန်များ၏ တိုက်ခိုက်မှု၊ အရိုးကျိုးမှု၊ မီးလောင်မှု စသည့် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဘ၀မှာ ကြမ်းတမ်း၊ ဆိုးဝါး တိုတောင်းခဲ့သည်။ ဥရောပဒေသတွင် ကျောက်ခေတ်လူသားများသည် အပင်ရိုင်းများကို အစိမ်းစားခဲ့ကြသည်။ သားရဲတိရစ္ဆာန်ချင်း တိုက်ခိုက်သတ်ဖြတ်၍ ကျန်ခဲ့သော အသေကောင်များကို စားခဲ့ကြသည်။ ရောဂါကူးစက်ခြင်း၊ ကပ်ပါးကောင်များ၏ အန္တရာယ်ပြုခြင်း စသည့် အခြေအနေတို့ကို ကြုံခဲ့ရသည့်အတွက် ဥရောပ ကျောက်ခေတ်လူသားတို့သည် မုဆိုးထက် သားကောင် ဖြစ်ခဲ့ရသည်။



လူသားတို့သည် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ခဲ့ကြသည်။ ပြောင်းလဲလာသော ပတ်ဝန်းကျင်၊ အစားအစာ တို့နှင့် လိုက်လျောညီထွေနေထိုင်အသက်ရှင်ဖို့သာရှိသည်။ အစားအသောက်ပုံစံသစ်သည် နေရာဒေသသစ်တွင် အသက်ရှင်သန်နိုင်ဖို့ လိုအပ်သော ကိုယ်ခံအားစနစ်နှင့် အစာရေမျိုစနစ်တို့ကို သဟဇာတဖြစ်ဖြစ် အသားကျအောင် လှုံ့ဆော်ပေးသည်။ ဤအပြောင်းအလဲများကို အကြောင်းပြု၍ သွေးအုပ်စုမျုားသည် လူသားဖွံ့ဖြိုး တိုးတက်မှု၏ အဓိကကျသော အပြောင်းအလဲများကို ရင်ဆိုင်ကျော်ဖြတ်ရင်း သွေးအုပ်စုမျိုးများ ကွဲပြားခဲ့ရသည်။



အထင်ရှားဆုံးသော သွေးအုပ်စုမျိုးများမှာ - O , A , B နှင့် AB သွေးအုပ်စုတို့ဖြစ်ကြသည်။ သွေးအုပ်စုမျိုးများ စတင်ဖြစ်ပေါ်ခြင်းကို လေ့လာရာမှ သွေးအုပ်စုမျိုးများ သည် အိုသွေးအုပ်စု ၊ အိုသွေး မှ အေသွေးအုပ်စု ၊ အေသွေး မှ ဘီသွေးအုပ်စု နှင့် နောက်ဆုံး အေဘီသွေးအုပ်စု အဖြစ်တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာသည်ဟု ခန့်မှန်း ကောက်ချက်ချထားကြသည်။ ၄င်းခန့်မှန်း ကောက်ချက်များအရ သွေး အုပ်စု အားလုံး ၏ မူရင်း အစ သို့မဟုတ် အစောဆုံးပေါ်သော သွေးအုပ်စု မှာ အိုသွေး ဖြစ်သည်ဟုဆိုသည်။၎င်း အိုမင်းလှပြီဖြစ်သော အိုသွေး အကြောင်း သမိုင်းကောက်ချက် ချရသည်ရှိသော် BC 400 000 ခန့်တွင် ခရိုမက်နွန်-CroMagnon ( သမိုင်းမတင်မီခေတ်က ဥရောပတိုက်တွင် နေထိုင်သော ကော့ကေးဆွိုက်မျိုးနွယ်လူသား ဖြစ်သည်။ ကော့ကေးဆွိုက်-Caucasoid ဆိုသည်မှာ ဥရောပ၊ အာဖရိက၊ အိန္ဒိယနှင့် အရှေ့ဖျားဒေသတို့တွင် နေထိုင်ခဲ့သည့် ရပ်အမောင်းကောင်းပြီး ဆံပင်ဖြောင့်သော လူမျိုးများဖြစ်သည်ဟု ဆိုသည်။ ) ဘိုးဘွား ဘီဘင်များ ပေါ်ပေါက်လာသည်။

ထိုသူတို့သည် လူသားမျိုးနွယ်စုတို့ကို အစားအစာ ကွင်းဆက်၏ ထိပ်ဆုံး ရောက်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာမြေပေါ်တွင် အန္တရယ် အပေးဆုံး မုဆိုးများ ဖြစ်စေခဲ့သည်။ သူတို့သည် အစုအဖွဲ့နှင့် အမဲလိုက်ခဲ့ကြပြီး အချိန်တိုအတွင်း လက်နက်များ ပြုလုပ် အသုံးပြုလာခဲ့သည်။ ထို့ကြောင့် ၄င်းတို့သည် သဘာဝအလျောက် ပိုင်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများထက် သာလွန်သော စွမ်းဆောင်ရည်နှင့် အားသားမှုများကို လက်နက်များ အသုံးပြုခြင်းဖြင့် ရရှိခဲ့ကြသည်။ ကျွမ်းကျင်လိမ္မာ ပါးနပ်သော မုဆိုး များ အဖြစ် လူသားတို့သည် သတ္တ၀ါကြီးများကိုအနိုင်ယူပြီး အသက်ရှင်သန်မှုနှင့် စားဝတ်နေရေးကို ဖန်တီးခဲ့ကြသည်။ ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်လာသော လူတို့တွင် လူဦးရေး တဖြည်းဖြည်း တိုးတက်များပြားလာပြီး လူဦးရေပေါက်ကွဲမှု အသွင်ဖြစ်ပေါ်လာခဲ့သည်။ ခရိုမက်နွန်တို့ သည် မုဆိုးများ ဖြစ်သည့်အလျောက် သူတို့အတွက် အသားဓါတ်သည် သာလျှင် အကောင်းဆုံး အာဟာရ လောင်စာဖြစ်ခဲ့သည်။ ထိုအခြေအနေ တွင် သွေးအုပ်စု အို သည် ၄င်း ၏ အစာချေဖျက်ခြင်းနှင့် ဆိုင်သော အရည်အသွေးကို အပြည့်အ၀ သက်သေပြနိုင်ခဲ့သည်။

လူသားတို့သည် အစားအစာ ဖြစ်သော အသားအတွက် အာသာငမ်းငမ်း ဖြစ်ခဲ့ကြပြီးနောက် သားကောင်များကို ဖမ်းဆီး သတ်ဖြတ်ရင်း သားကောင်များ ရှားပါးလာသည်။ ထိုအချိန်တွင် လူဦးရေ ပေါက်ကွဲမှုသည်လည်း အဆမတန် ဖြစ်ပေါ်လာသဖြင့် ကျွေးမွေးရမည့်သူ များလာသောကြောင့် အစားအစာဖြစ်သော အသားကို ရလိုမှုအတွက် လူသားတို့သည် အပြင်းအထန် ပြိုင်ဆိုင်လာကြသည်။ လူသား မုဆိုးတို့သည် နယ်မြေများ သတ်မှတ်ပိုင်းခြားကာ သူ့နယ်ကိုယ့်နယ် သတ်မှတ်ခဲ့ပြီးနယ်ကျော် ၀င်ရောက်လာသူမှန်သမျှကို တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အမဲလိုက်ရန် ကောင်းသော နေရာများ ရှားပါးလာသဖြင့် လူသားတို့သည် နယ်ပယ်သစ်များကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်သော လူသားတို့အတွက် အန္တရာယ် အပြုနိုင်ဆုံးသော သူများမှာ လူသားတို့ပင် ဖြစ်ခဲ့သည်။



BC 30 000 ခန့်တွင် လူသားတို့သည် အမဲလိုက်ရန် နယ်မြေများ ချဲ့ထွင်ရင်းဖြင့် အမဲလိုက်ရန် အလွန်ကောင်းသော အာဖရိက ဆာဟာရ ဒေသတွင် ခြောက်ကပ်လာခဲ့သည်။ ယခင် ရေခဲနေသော ကမ္ဘာ့မြောက်ခြမ်း ဒေသများသည် တဖြည်းဖြည်း ပူနွေးလာသည့် အတွက် လူသားတို့သည် အာဖရိကဒေသမှ အာရှနှင့် ဥရောပဆီသို့ ပြောင်းရွေ့  အခြေချခဲ့ကြသည်။ ထိုပြောင်းရွေ့ အခြေချမှုများသည် ကမ္ဘာမြေပေါ်တွင် အိုသွေး အုပ်စုဝင် လူများကို အခြေခံလူ့အဖွဲ့အစု ကြီး အဖြစ် စတင် အခြေတည် ဖြစ်ပေါ်လာစေခဲ့သည်။ ယနေ့အထိလည်း ကမ္ဘာ့လူဦးရေ အများစုမှ အိုသွေးများ ဖြစ်နေဆဲပင်ဖြစ်သည်။



BC 20 000 ခန့်တွင် ခရိုမက်နွန် လူသားတို့သည် ဥရောပနှင့် အာရှဒေသများတွင် လုံးလုံးလျားလျား အခြေချ နေထိုင်ခဲ့ကြသည်။ အမဲလိုက်ရန်ခက်ခဲလာချိန်တွင် အခြားအစားအစာများကို တွေ့ရှိခဲ့ကြခြင်းဖြင့် လူသားတို့သည် အခြေအနေသစ် တစ်ခုဖြစ်သော အစုံစားသတ္တ၀ါ အဖြစ် ရောက်ရှိလာခဲ့ကြသည်။ ကမ်းရိုးတန်း တစ်လျှောက် တွင် ထူထပ်သိပ်သည်းစွာ အခြေချနေထိုင်ခဲ့သည်။ ငါးနှင့် ရေထွက် အစားအစာ ပေါသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအနီးအနားတွင် အခြေချ နေထိုင်သူများပြားခဲ့သည်။



BC 10 000 ခန့်တွင် အန္တာတိကတိုက်မှ လွဲ၍ ကမ္ဘာ့ကုန်းမြေ ဒေသတစ်ခုလုံးနီးပါးတွင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ ထိုကဲ့ သို့ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ အခြေချရင်း ကမ္ဘာဦး လူသားတို့သည် အရေပြားဖြူဖျော့ဖျော့၊ ပေါ့ပါးသော အရိုးဖွဲ့စည်းမှု၊ ဖြောင့်စင်းသော ဆံပင်တို့ကို ပိုင်ဆိုင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူသားတို့သည် နေထိုင်ရာ နေရာဒေသကိုလိုက်၍ လိုက်လျောညီထွေဖြစ်စေရန် သဘာဝအလျောက် ပြောင်းလဲလာခဲ့ကြသည်။ မြောက်ဘက်သို့ပြောင်းရွေ့ အခြေချခဲ့သော လူသားတို့သည် မဲနက်သော အရေပြားထက်နှင်းကိုက်နာကို ပိုမိုခံနိုင်ရည်ရှိစေမည့် ဖြူဖျော့ဖျော့ အရေပြားကို ပိုင်ဆိုင် လာခဲ့ကြသည်။ ဖြူဖျော့ဖျော့ အရေပြားသည် ညတာရှည်၍ နေ့တာတိုသော ဒေသများတွင် ဗီတာမင် ဒီ (Vitamin D) ကိုချေဖျက်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။



သို့သော်လည်း လူဦးရေပေါက်ကွဲမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး အမဲကောင်များ ရှားပါးလာသော အချိန်တွင် အစားအစာရရှိရေးအတွက် လူသားအချင်းချင်း တိုက်ခိုက်ပြိုင်ဆိုင်မှုများ တိုးတက် များပြားလာခဲ့ပြီး နေရာဒေသများ သတ်မှတ်နေထိုင်ကာ ပြောင်းရွေ့ အခြေချမှုများကို အဆုံးသတ် သွားစေခဲ့သည်။ သို့သော်လည်း BC 250 000 မှ BC 150 000 အတွင်း လူသားတို့သည် နေရာပြောင်းရွေ့ရင်း အရှေ့  အလယ်ပိုင်းဒေသ နှင့် အာရှ ဒေသများ တွင်သဘာဝပတ်ဝန်းကျင် ကို ရင်ဆိုင် အံတုရင်း အသက်ရှင်သန်နိုင်အောင် ကြိုးစားခြင်းဖြင့် အေသွေးအုပ်စု များစတင် ပေါ်ပေါက်လာခဲ့သည် ဟု ယူဆခဲ့ကြသည်။ ခရိုမက်နွန် မုဆိုးများ လွှမ်းမိုးသော ကျောက်ခေတ် နှောင်းပိုင်းကာလ ၊ အထွဋ်အထိပ် အခြေအနေ တွင် အေသွေးအုပ်စု သို့မဟုတ် လယ်သမား သွေးအုပ်စု ပေါ်ပေါက်လာသည်ဟု ယူဆခဲ့ကြသည်။



လူသားတို့၏ ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ အမဲလိုက်၍ အသက်မွေးရာမှ တဖြည်းဖြည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပေါ်ပေါက်လာခဲ့ပြီး လူသားတို့၏ ဘ၀ အရာရာသည် ပြောင်းလဲလာခဲ့သည်။လူသားတို့သည် အမဲလိုက်အသက်မွေးခြင်းကို ပယ်စွန့်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ နေထိုင်သော လူများအဖြစ် အမြဲတမ်း နေထိုင်မှုပုံစံကို ပထမဆုံး စတင် တည်ထောင်သည်။ ခရိုမက်နွန် တို့နှင့် မတူညီသော နေထိုင်မှုပုံစံနှင့် စားသောက်မှု ပုံစံပြောင်းလဲခြင်း၊ အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း တို့ကြောင့် ကျောက်ခေတ်နှောင်းပိုင်း လူသားတို့၏ ရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်တို့သည် လုံးဝနီးပါးပြောင်းလဲခဲ့သည်။ လူသားတို့သည်စိုက်ပျိုးသီးနှံနှင့် ဆက်စပ်လျက်ရှိသော အစားအစာ များကိုစားသောက်ပြီးသည့်အခါ အစာခြေ အင်္ဂါစနစ်က ချေဖျက်နိုင်ပြီး ဖြစ်လာသည့်အာဟာရကို စုပ်ယူကာ အစားအသောက်ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သွေးအုပ်စု အေ ပေါ်ပေါက်လာခဲ့သည်။

လယ်ယာစိုက်ပျိုး မွေးမြူရေးကျေးရွာများအဖြစ် အမြဲတမ်း အခြေချနေထိုင် လာသောအခါ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ခရိုမက်နွန် မုဆိုးဘ၀က စုပေါင်းလုပ်ဆောင်မှု အရည်အသွေးများကို စုပေါင်းနေထိုင်ရသော ယခင်နှင့်ခြားနားသည့် အခြေအနေသစ် လူ့အဖွဲ့အစည်း ပုံစံသစ်တွင်ကောင်းမွန်စွာ အသုံးချနိုင်ခဲ့သည်။ တစ်ဦးတစ်ယောက်စီ၏ ကျွမ်းကျင်မှုကို အခြေတည်သည့် အပြန်အလှန် အမှီသဟဲ ပြုမှုစနစ်ကို ရုပ်လုံး ပေါ်လာစေခဲ့သည်။ ( ဥပမာ အားဖြင့် ဆန်စက်ပိုင်ရှင်သည် သူ့စက်တွင် စပါးလာ ကြိတ်ခွဲစေရန် လယ်သမားများကို အားကိုးနေရသကဲ့ သို့ လယ်သမားများ သည်လည်း စပါးများကို ကြိတ်ခွဲရန် အတွက် ဆန်စက် ပိုင်ရှင်ကို အားကိုးနေရသည်။ လူအများနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း၊ အစီအစဉ်ချ လုပ်ကိုင်ရခြင်း တို့သည် တိုးတက် ဖြစ်ထွန်းလာကြသည်။

အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အစောပိုင်းကာလ လယ်ယာစိုက်ပျိုးသော လူ့အဖွဲ့အစည်းတွင် စတင် ဖွံ့ဖြိုးခဲ့သည်။ အိုသွေးမှ အေသွေးသို့ ပြောင်းလဲသော မျိုးရိုးဗီဇသည် အလျင်အမြန် ပြောင်းလဲစေခြင်းမှာ အသက်ရှင်သန်မှုနှင့် ဆက်စပ်နေသည်။ ယခင်နှင့် မတူ ပိုမိုထူထပ် သိပ်သည်းလာသော ပတ်ဝန်းကျင်၊ ပြောင်းလဲလာသော အစာအာဟာရ၊ သဘာဝနှင့် ပိုးမွှားများ တိုက်ခိုက်မှုဒဏ် စသည်တို့ကို ခံစားရင်း လူနေထူထပ်သော လူ့အဖွဲ့အစည်းတွင် လိုက်လျောညီထွေ နေသားတကျ အသက်ရှင် သန်နိုင်ရေးအတွက် ပြောင်းလဲလာခြင်း ဖြစ်သည်။

ထို့ကြောင့် အေသွေးအုပ်စုဝင်များသည် လူနေထူထပ်သော ဒေသများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများကို ပိုမိုခံနိုင်ရည်ရှိသည်။မြို့ ပြနှင့် စက်မှု ဖွံဖြိုးသော လူ့အဖွဲ့ အစည်းများသည် အေသွေးအုပ်စုများ အဖြစ် အလျင်အမြန် ပြောင်းလဲလာသည်။ ယနေ့ ခေတ်တွင် ပလိပ်ရောဂါ၊ ၀မ်းရောဂါ နှင့် ကျောက်ရောဂါ ကပ်ဘေးများမှ အသက်ရှင် ကျန်ရစ်သူများတွင် အေသွေး အုပ်စုဝင်များသည် အိုသွေးတို့ထက် ပိုများခဲ့သည်။ နောက်ဆုံးတွင် အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အင်ဒို ဥရောပသားများမှ တဆင့် အာရှနှင့် အရှေ့ အလယ်ပိုင်းဒေသကို ကျော်လွန်ကာ အနောက်ဥရောပဒေသ အထိ ပြန့်နှံ့ခဲ့သည်။ အင်ဒိုဥရောပသားများသည် ကျောက်ခေတ်နှောင်းပိုင်း မတိုင်မီကာလ အထိ အမြောက်အများရှိနေခဲ့ပြီး ရုရှအလယ်ပိုင်း၏ တောင်ဘက်ပိုင်းတွင် မူလက အခြေချခဲ့သည်။ ထိုမှနောက်တွင် BC2500 မှ BC 2000 အတွင်း အာရှဒေသ၏ အနောက်တောင်ဘက်သို့ ပြောင်းရွေ့အခြေချကာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတွင် နေထိုင်သော လူမျိုးများ ဖြစ်လာသည်ဟု ခန့်မှန်းရသည်။

အင်ဒို ဥရောပသားများ၏ ၀င်ရောက်လာမှုကြောင့် အစားအသောက် တော်လှန်ရေးကို ဖြစ်စေခဲ့သည်။ ကျောက်ခေတ်ဦးပိုင်းကာလ မုဆိုးများ၏ သမားရိုးကျရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်များကို အစားအသောက် အသစ်များ ၊ ပတ်ဝန်းကျင်နေထိုင်မှု အမူအကျင့် အသစ်များနှင့် မိတ်ဆက်ပေးပြီး ပြောင်းလဲစေခဲ့သည်။ ဥရောပသား များတွင် ယနေ့အထိ အေသွေး အမျိုးအစားသည် ရာခိုင်နှုန်း အမြင့်ဆုံး ရှိနေဆဲဖြစ်သည်။ မက်ဆီဒိုးနီးယား၊ စပိန် ၊ တူရကီနှင့် ဘော်လကန်ဒေသများတွင် အေသွေးအုပ်စုဝင်များကို ပိုမိုတွေ့ရှိရသည်။ BC 150 000 နှင့် BC 100 000 အချိန်ကာလအတွင်း ဘီသွေးအုပ်စုသည် ရာသီဥတု အပြောင်းအလဲများကို တုံ့ပြန်ရာမှ ယခု ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဖြစ်သော ဟိမ၀န္တာတောင်တန်း၏ ကုန်းမြင့်ပိုင်းဒေသတွင် စတင် ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ ပထမဆုံး စတင် ပေါ်ပေါက်ခဲ့သော နေရာများမှာ ကော့ကေးရှန်နှင့် မွန်ဂိုလီးယန်းလူမျိုးများ ပေါင်းစပ်နေထိုင်သော အာရှဒေသ၏ ယူရယ်ဒေသ သို့ အိန္ဒိယ ဟုယူဆခဲ့ကြသည်။ မွန်ဂိုလီးယန်းတို့သည် အာရှတိုက် တစ်ခုလုံးကို တိုက်ခိုက်ခဲ့သဖြင့် ဘီသွေးအုပ်စုသည် အာရှတိုက်တစ်ခုလုံးတွင် ခိုင်ခိုင်မာမာ အခြေပြုခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Dr.ဇီဝက (ဆေးလောက)

ကိုးကား~


(၁) Eat Right for Your Type By Dr. Peter J.D` Adamo

(၂) သွေးအုပ်စု အလိုက် နေထိုင်စားသောက်မှုအတတ်ပညာ(ဒေါက်တာ ရန်မျိုးသိန်း )

(၃) Fwd Mail များ


Saturday, October 15, 2011

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ​ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား

ကျန်ရှိနိုင်ငံရေးအကျဉ်းသား​များ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား
October 15th, 2011 | စာရေးသူ - ဘုန်းခိုင် သတင်း ရိုးမ3

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ် ပေးဖို့ ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ ယမန်နေ့မှစ၍ ယနေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်အမိ​န့်ဖြင့် အောက်တိုဘာလ (၁၂) ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးခဲ့သည်။ ထိုအကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာ ပါဝင်ခဲ့သည့်အပေါ် မကြေနပ်သည့် လူငယ်များက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်များ ရန်ကုန်မြို့တွင်း ဖြန့်ဝေနေခြင်းနှင့်ပတ်သတ်၍​ စာရွက်ရခဲ့သည့် ရန်ကုန်မြို့ခံတဦးက “ ဒီကနေ့မနက်ပိုင်းက တောင်ဒဂုံသွားတဲ့ ဘက်စ်ကားတွေနဲ့ သင်္ကန်းကျွန်းဘက်သွားတဲ့ ဘက်စ်ကားတွေပေါ်မှာ ဝေတယ်။ အများဆုံးဝေသွားတာတော့ အင်းယားဘက်မှာ။

နောက်ပြီးတော့ သိမ်းကြီးဈေးထဲမှာရော သိမ်းကြီးဈေးအရှေ့ ကားတွေပေါ်မှာပါ တက်ဝေတာ တွေ့ တယ်။ ဝေတဲ့စာရွက်ကတော့ အေးဖိုး(A4)ခေါက်ချိုးစာရွက်အရွယ်ပေါ့။ အဲဒီမှာ ကျန်ရှိနေတဲ့ အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုသည်လို့​ စာပါတယ်။ အောက်ကမှ ခွပ်ဒေါင်းငယ်ဆိုပြီး လက်မှတ်ထိုးထားတာ တွေ့တယ်” ဟုပြောသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့် စာရွက်များ ယမန်နေ့က နေ့လယ်ပိုင်းတွင် ရန်ကုန် သိမ်းကြီးဈေးတ၀ိုက် ဖြန့်ဝေလှုပ်ရှားမှုများလည်း​ ရှိခဲ့ကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် အမေရိကန်နှင့် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့​ (AIPMC) တို့မှ တိုက်တွန်းတောင်းဆိုနေသည့် အချိန်နှင့်တပြေးညီ ယခုကဲ့သို့ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်ဖြန့်ဝေလှုပ်ရှားမှုများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


Thursday, October 13, 2011

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ်

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ် ၊
လို့ ပြောနေတဲ့ လူတွေ ဒီကလေးလေးကို ကြည့်ပါ..... မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးဘူး ။

ဦးခင်ညွန့်ကို သူရဲကောင်သဖွယ် ချီးကြုးပြောဆိုသံတွေ ကြားတိုင်း.. သူကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အပြစ်မဲ့ ကျောင်သားကျောင်းသူတွေ အတွက် ရင်နာမဆုံးဖြစ်မိတယ် ခင်ဗျာ ။

လူသားချင်း စာနာထောက်ထားစိတ်နဲ့ သူ့ကို လွတ်မြောက်စေလိုတာ မှန်ပေမယ့် သူတော်ကောင်းတစ်ယောက်လိုတော့ မချီးကြူးကြပါနဲ့အုံး.......လို့​ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။




နိုင်ငံရေး အကျဉ်းသားမျ�

မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးတဲ့ ဘ၀လေး....... ဘယ်လောက် ရင်နင့်စရာ ကောင်းလိုက်မလည်း ။

တွေးလိုက်တိုင်း မျက်ရည်ကျမိတယ်........။

မင်းမိဘတွေရဲ့ လက်ကို တဖက်စီတွဲပြီး အနာဂတ် ဘ၀ခရီးလမ်းကို လျှေက်လှမ်းနိုင်ပါစေ ကလေးလေးရေ.....။


သူတို့တတွေဟာ အခု သမ္မတကြီးတို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီး ထူထောင်နိုင်အောင် ရှေ့ဆုံးက ဦးဆောင်လမ်းပြနေကြသူတွေပါ ။ ထိုအချိန်က သမ္မတကြီးနှင့် အပေါင်းအပါများက အာဏာရှင် စနစ်ကို ကျင့်သုံးတာ အမှန်ပါလို့ ထင်နေကြချိန်ဖြစ်လို့ ရန်သူလို့ ထင်ကာ မတရားသော ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင် ခံနေကြရသူတွေပါ ။ တကယ်တော့ သဘောထား အယူအဆ မတူညီမှုကို ရှုထောင့် တဖက်တည်းက ကြည့်ခဲ့ကြလို့ ကျနော်တို့ တိုင်းပြည်ဟာ တပါးသော တိုင်းပြည်များထက် အစစ အရာရာ နောက်ကျ ကျန်ခဲ့ရတာပါ ။ အခုဆိုရင် အစိုးရအသစ်က ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်နေပါတယ်လို့ ကြွေးကြော်ထားလို့ သူတို့တွေနဲ့ ရည်ရွယ်ချက်တွေ တူညီနေကြပြီ ဖြစ်တဲ့ အတွက် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။ သမ္မတကြီးတို့ အဖွဲ့က ဖမ်းဆီးထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရင် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးပါ့မယ်လို့ အတိအလင်းကြေငြာထားလို့ တိုင်းပြည် အကျိုးစီးပွားကို တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ စေတနာ မှန်ရင်တွေဝေ နေစရာ အကြောင်း မရှိဘူးလို့ ထင်မြင်ယူဆမိပါတယ် ခင်ဗျာ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ဆက်လက် ချုပ်နှောင်ထားသမျှ ဒီမိုကရေစီ ၀ါဒကို ကျင့်သုံးပါတယ်လို့ ပါးစပ်က အမြုပ်ထွက်အောင် အော်နေလည်း ပြည်သူလူထုက ယုံကြည်ဖို့ ခက်နေကြလို့..... လွှတ်ငြိမ်းချမ်းသာခွင့်ရက်ကို စောင့်မျှော်နေပါတယ် ခင်ဗျာ


Source: Burma Thwe

Friday, September 30, 2011

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာ

ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က လက်ရှိအစည်းအဝေး ကျင်းပနေတဲ့လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အများက ကြိုဆိုခဲ့ကြသလို ဧရာဝတီမြစ် ရှင်သန်ရေးအတွက်ဆိုရင် စက်ယန္တရားတွေအသုံးပြုပြီး ရွှေတူးဖော်တာတွေနဲ့ သစ်တော ပြုန်းတီးနေရတာတွေကို ဆက်လက်တားဆီးဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာကို လွှတ်တော်အစည်းအဝေးတွေ စတင်ချိန်မှာ သက်ဆိုင်ရာ အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတွေက ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တာကိုတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က အခုလို ပြန်လည်ပြောပြပါတယ်။

“မြစ်ဆုံစီမံကိန်းက အဓိကကတော့ ပြည်သူလူထုဘက်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြမှုတွေ ရှိပါတယ်ပေါ့လေ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို လက်ရှိ အစိုးရလက်ထက်မှာ သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားပါမယ်တဲ့။”

သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာကို လက်မခံတဲ့ ကိုယ်စားလှယ်တွေ ရှိရင်တော့ လွှတ်တော်တွင်းမှာ အဆိုတင် ဆွေးနွေးရဖို့ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ကိုယ်စားလှယ်အများစုက လက်ခံကြတဲ့အခြေအနေ ရှိတယ်လို့လည်း ပြောပါတယ်။

သ၀ဏ်လွှာမှာပါဝင်တဲ့ အခြားအချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ၊ အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုတာနဲ့ တိုင်းပြည်တည်ငြိမ်ရေးဆိုင်ရာ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်း လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူအများက ကြိုဆိုခဲ့ကြပါတယ်။ ရေကာတာစီမံကိန်း တည်ဆောက်မယ့် ဒေသမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“လူထုအားလုံးလိုလိုပေါ့ဗျာ ဒီချိန်ခါမှာ ဒီဟာကို ရပ်တန့်သင့်တယ်လို့ သဘောထား ပေးလာကြတယ်လေ။ ပြောဆိုလာကြတယ်ဆိုတော့ ဒါကတော့ ဆက်မလုပ်သင့်ဘူးလို့ ကျနော်တို့လည်း မြင်တယ်လေ။ ဒါကြောင့်မို့ သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အလေးထားတဲ့အနေနဲ့ အခုလို ရပ်တန့်ထား လိုက်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီလမ်းကြောင်းကို တကယ် လျှောက်လှမ်းနေပါတယ် ဆိုတာကို သက်သေသာဓက ပြလိုက်တဲ့သဘောလည်း ဆောင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အင်မတန် ၀မ်းသာတယ်။ ကြိုဆိုတယ်။ အားလုံးကလည်း ကြိုဆိုကြလိမ့်မယ် ၀မ်းသာကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဒေါက်တာတူးဂျာက လက်ရှိအစိုးရအနေနဲ့ အများပြည်သူတွေ လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို သွေးထွက်သံယိုနည်းနဲ့ မဖြေရှင်းဖို့ အကြံပြုထားပါတယ်။

FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကလည်း မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်ဆိုင်းလိုက်တာကို ကြိုဆိုကြောင်း အခုလို ပြောပါပါတယ်။

“၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံး မင်္ဂလာအရှိဆုံး သတင်းပဲ။ ကမ္ဘာ့ ဆည်တွေကို watch လုပ်တဲ့အဖွဲ့ကြီးက ပေ ၅၀ လောက်ရှိတဲ့ဆည်ဆိုရင် သဘာ၀၀န်းကျင် မထိခိုက်ဘူးတဲ့။ ဒီထက်ကြီးတဲ့ ဆည်အမြင့်ဆိုရင် သဘာ၀၀န်းကျင်ကို ထိခိုက်တယ်တဲ့။ အဲဒီတော့ ဆည်ကြီးတစ်ခုတည်း မဆောက်ဘဲနဲ့ ပေ ၅၀၊ ၆၀ လောက်ရှိတဲ့ ဆည်တွေ အများကြီးဆောက်မယ်ဆိုရင် သဘာ၀၀န်းကျင်လည်း မထိခိုက်ဘူး။ ကိုယ်လိုချင်တဲ့ ရေအားလျှပ်စစ်လည်း ရမယ်။ အဲဒါ အဖြေပဲလေ။”

တဆက်တည်းမှာပဲ ဦးအုန်းက ဧရာဝတီမြစ် ဆက်လက်ရှင်သန်ဖို့အတွက် အခုလို ဆက်လက် အကြံပြုထားပါတယ်။

“ဧရာဝတီတို့ ချင်းတွင်းတို့မှာ ရွှေထွက်တော့ အခုဟာက တနေ့ကို ရွှေပိဿာ ၃၀ လောက်ရအောင် တူးနေကြတာ။ အဲဒီလို စီးပွားရေးသောင်းကျန်းတဲ့သူတွေကို ရပ်တန်းက ရပ်ရမယ်။ ရွှေတူးတဲ့အခါမှာ မာကျူရီ သုံးတယ်။ ဆိုင်ယာနိုက်သုံးတယ်။ မြစ်ရေကို အဆိပ်ဖြစ်တယ်။ ငါးတွေ၊ ပုဇွန်တွေ၊ လိပ်တွေ၊ လင်းပိုင်တွေ အကုန်သေကုန်တယ်။ ရွှေတူးတဲ့အခါမှာ တောင်တွေဖြိုတယ်။ မြစ်ကြောင်းတွေလည်း အမျိုးမျိုး ပျက်စီးသွားတယ်။ အဲဒါတွေကို ရပ်ရမယ်။”

ဒါ့အပြင် မြေဆီလွှာမပျက်စီးအောင် သစ်တောထိန်းသိမ်းဖို့ မြစ်ကမ်းတလျောက် တည်ဆောက်ထားတဲ့ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့နဲ့ ကမ်းပါးမပြိုအောင် သဲတူး ကျောက်တူးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန်ဖိုးရှိတဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံဆည်ဟာ အမြင့်ပေ ၅၀၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ ဆည်တည်ဆောက် ပြီးစီးသွားရင် ရေလွှမ်းမိုးမယ့်ဧရိယာဟာ စတုရန်းမိုင် ၄၅၀ ကျော်ရှိပြီး ဒါဟာ ရန်ကုန်မြို့ထက် နှစ်ဆမက ကြီးတယ်လို့ ခန့်မှန်းကြပါတယ်။

ဆည် တည်ဆောက်မယ့်နေရာဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့လည်း ဆက်စပ်နေတာဖြစ်ပြီး ငလျင်ကြောင့် ဆည်ကို ထိခိုက်မယ်ဆိုရင် ဆည်အောက်ဘက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာလည်း ရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာ့မြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ကတော့ တရုတ်အစိုးရကုမ္ပဏီ CPI ကလည်း မြစ်ဆုံစီမံကိန်းအပါအ၀င် မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကိုရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး ဟုန်လီ က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို လေ့လာဆန်းစစ်ဖို့ လိုအပ်နေသေးတယ်လို့ ဖြေကြားထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာဖတ်ကြားတဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို နှစ်နိုင်ငံ မိတ်မပျက်စေဘဲ သဘောတူ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source : VOA Burmese