Friday, May 10, 2013

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။ နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။ ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။ ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။ ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။ လျှာနှင့် အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။ လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။ တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။ မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။ ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ, ပါသည့် အလှူများလည်း တွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။ လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။ ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။ မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။ ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။ စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။ အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။ စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစားမစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။ ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာမကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။ အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရမင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။ ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။ ၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။ တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။ သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။ ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။ လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။ စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။ ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။ ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။ ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။ ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။ လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။ မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။ မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။ ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။ ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။ နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ- ၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။ ၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။ ၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။ ၄။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။ ၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။ ၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။ ၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။ ၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တိုစေနိုင်သည်ကို အထူးသတိပြုပါ။ ကြည်လွင်မြင့်(မုဒြာ) Ref: Shade The Mandalay Hill Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-60304

Sunday, May 5, 2013

၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည်

၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည် အသစ်ချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းတယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်ပတ်လည်အတွင်းသာ ဆက်သွယ်ဆောင်ရွှက်ခြင်းပြုလုပ်နိုင်မည်ဟုသိရှိရသည်။ အဆိုပါတန်ဖိုးနည်းဖုန်းလိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တာဝါတိုင်ပေါင်း ၂၈၂ခုတည်ဆောက်ထားရှိသည်ဟုသိရပြီး အဆိုပါတာဝါတိုင်ဧရိယာအတွင်း၌ ပြည်တွင်း ၊ပြည်ပခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။ စီဒီအမ်အေဖုန်းလိုင်းများအတွက်ယခင်တည်ဆောက်ထားရှိသည့် တာဝါတိုင်များမှာ နည်းပညာအရ မိုင် ၂၀ အတွင်း၌ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟု သိရပြီး ယခုချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် MEC အမှတ်တံဆိမ်ပါ တယ်လီဖုန်းလိုင်းများမှာ တာဝါတိုင်နှင့် လေးမိုင်အတွင်းမျှသာ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည့်အတွက် များစွာ ကွာဟမှု ရှိသည်ဟု သိရသည်။ ဂျီအက်အမ် ဖုန်းလိုင်းများ၏ တာဝါတိုင်များမှာ နည်းပညာအရ ၁၀ မိုင်အတွင်း ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်ကြောင်း.စီဒီအမ်အေ ၄၅၀ များအတွက်စိုက်ထူးထားသည့် တာဝါတိုင်များသည် အတားအဆီးများမရှိသည့် လွင်ပြင်ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်း ဒေသများ၌ မိုင် ၂၀ နှင့် အထက်ကိုပင်ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟုဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။ အဆိုပါဖုန်းလိုင်းများသည် ဧပြီလ ၂၄ ရက်နေ၌ စတင်ချထားပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး ရပ်ကွက်.ကျေးရွာများ၌ကံစမ်းမဲ စနစ်ဖြင့် ရောင်းချပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး လာမည့်လစဉ်အတိုင်း၌လည်း အဆိုပါအရေအတွက်အတိုင်း တစ်နိုင်ငံလုံး၌ ချထားပေးမည်ဖြစ်သည်။ Internet Journal

Saturday, May 4, 2013

ကျောက်သင်ပုန်း ကွန်ပြူတာက ပေးသော သင်ခန်းစာ

TechSpace Journal ကျောက်သင်ပုန်း ကွန်ပြူတာက ပေးသော သင်ခန်းစာ သက္ကရာဇ် ၂၀၀၂ ခုနှစ်က ဘီလ်ဂိတ်ဟာ Tablet PC အမျိုးအစား တစ်ခု ထုတ်ဖော်ပြသ နိုင်ခဲ့ပါတယ်။ သို့သော် စိတ်ဝင်စားသူ မရခဲ့ ပါဘူး။ ၂၀၁၀ ခုနှစ်မှာ စတိဗ်ဂျော့ဟာ iPad ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ယနေ့တိုင် iPad များကို ကမ္ဘာ့အကောင်းဆုံး ကျောက်သင်ပုန်း ကွန်ပြူတာများလို့တောင် တင်စားနေကြဆဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Steve Ballmer ဟာ Microsoft Surface ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သို့သော် ယင်းဟာ Apple ရဲ့  အိုင်ဒီယာကို ခိုးယူခြင်းလို့ အစွတ်စွဲ ခံရပါတယ်။ --- သင်ခန်းစား - ပထမ ဆုံး လမ်းဖောက်နိုင်တိုင်းလည်း အောင်မြင် လိမ့်မယ် မထင်ပါနဲ့။ ပထမဆုံး မဟုတ်တိုင်းလည်း ရှုံးနိမ့်မယ်လို့ မထင်ပါနဲ့။ ဘယ်လောက် အိုင်ဒီယာကောင်းကောင်း သူများ ခင်းတဲ့ လမ်းနဲ့ တူရင် လျှောက်သင့်မလျှောက်သင့် စဉ်းစားပါ။

Monday, April 29, 2013

ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ

ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ” ၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ ၂။ ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။ ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် လျှပ်စစ်စွမ်းအားကို ညဘက်ပိုင်းတွင် လိုအပ်ခဲ့ပါက လျှပ်စစ်စွမ်းအား သိုလှောင်ထားနိုင်သည့်အရာ (အဓိကအားဖြင့်) ဘက္ထရီနှင့်ချိတ်ဆက် တပ်ဆင်ဖို့ လိုအပ်ပါသည်။ ၃။ ဆိုလာဆဲလ် ဘယ်လိုအလုပ်လုပ်သလဲ။ အလင်းမှုန်များသည် ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို ရိုက်ခတ်ကာ လျှပ်စစ်ဓါတ်မှုန်များကို ထွက်ရှိလာစေပါသည်။ လျှပ်စစ်ဓါတ်မှုန်များ ထွက်ရှိရာမှ လျှပ်စစ်ဗို့အားထွက်ပေါ် လာပါသည်။ အတွင်းပိုင်း လျှပ်စစ်စက်ကွင်းသည် ဆဲလ်၏ရှေ့မျက်နှာပြင်ရှိ လျှပ်စစ်ဓါတ်မှုန်များကို တွန်းကန်စေခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါသည်။ ထွက်ပေါ်လာသော လျှပ်စစ်စီးကြောင်းသည် အခြားဆဲလ် (သို့) အသုံးပြုမည့် နေရာများဆီသို့ ဆက်လက် စီးဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါသည်။ ထိုသို့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးရာတွင် ဆိုလာဆဲလ်များသည် မည်သည့်အခါမျှ လျှပ်စစ်ဓါတ်မှုန်များကို ကုန်ဆုံးသွားစေခြင်းမရှိပါ။ ၄။ ဆိုလာဆဲလ် အမျိုးအစား ဘယ်လောက်ရှိလဲ။ ဆိုလာလျှပ်စစ်ပြား အမျိုးအစားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။ 1.Crystalline Silicon a. Monocrystalline Silicon b. Poly or multicrystalline Silicon c. Ribbon Silicon (one type of multicrystalline Silicon) 2.Thin Filim Solar Cell a. Cadmium Telluride Solar Cell b. Copper Indium Gallium Selenide Solar Cell c. Gallium Arsenide Multijunction Solar Cell d. Light-absorbing dyes (DSSC) Solar Cell e. Organic/Polymer Solar Cell f. Silicon Thin-Film Cells i. Amorphous Silicon ii. Photocrystalline Silicon iii. Nanocrystalline Silicon ၅။ ဆိုလာစနစ်ကို ဘာကြောင့်သုံးမှာလဲ။ ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍ • ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။ • အလင်းမှလွဲ၍ အခြားလောင်စာ မလိုအပ်ခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ် သက်သာခြင်း။ • ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။ - စသည်တို့ကြောင့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုသင့်ပါသည်။ ၆။ ဆိုလာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုသုံးမှာလဲ။ ဆိုလာပြားမှ ရရှိလာသော ဒီစီလျှပ်စစ်စွမ်းအားကို တိုက်ရိုက်အသုံးပြုနည်းဖြင့်လည်းကောင်း၊ ဘက္ထရီတွင် သိုလှောင်၍လည်းကောင်း၊ မိမိလိုအပ်သလို အသုံးပြုနိုင်ပါသည်။ ၇။ ဆိုလာစနစ်ကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများမှာ • ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍ ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။ • ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မထွက်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို အမြဲစိမ်းလန်းနေစေခြင်း။ • အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း။ • ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။ • လှုပ်ရှားမှု အစိတ်အပိုင်းလုံးဝမပါသဖြင့် ဆူညံမှု မရှိခြင်း။ ချွတ်ယွင်းပျက်ဆီးမှု နည်းပါးကာ နှစ်ရှည် အသုံးပြုနိုင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်မရှိခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်ပါသည်။ ၈။ ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသလား။ ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသည်။ ဆိုလာစနစ်သည် အလွန်ရိုးရှင်းသော စနစ်ဖြစ်၍ အတွင်းပိုင်းတွင် လှုပ်ရှားမှုအစိပ်အပိုင်းမပါရှိခြင်းကြောင့် ထိန်းသိမ်းမှုစရိတ်နည်းပါးပြီး၊ ဆိုလာပြားပေါ်တွင် ဖုန်မှုန့်များနှင့် တခြားနေရောင်ခြည်ကို အဟန့်အတားဖြစ်စေသောအရာများ ဖုံးလွှမ်းနေမှသာ ရေဆေးပေးရန် (သို့)ဖယ်ရှားပေးရန် လိုအပ်ပါသည်။ ၉။ ဈေးနှုန်းက ဘယ်လောက်လဲ။ ဈေးကြီးသလား။ ဈေးနှုန်းသည်ဆိုလာပြားအရွယ်အစားနှင့် အရေအတွက်ပေါ်မူတည်ပါသည်။ ယခုချိန်တွင်ဆိုလာ၏ဈေးနှုန်းမှာ ကြီးမြင့်ခြင်းမရှိတော့ပါ။ ၁၀။ ဆိုလာပါဝါနှင့် TV ကြည့်လျှင် မည်သည့်ဆိုလာပြား အရွယ်အစားကို အသုံးပြုရန်လိုအပ်ပြီး၊ နာရီမည်မျှ အသုံးပြု နိုင်မည်နည်း။ ဆိုလာပြားအရွယ်အစားနှင့် အသုံးပြုနိုင်မည့်အချိန်မှာ မိမိအသုံးပြုမည့် TV အရွယ်အစား အပေါ်တွင် မူတည် ပါသည်။ ဥပမာ။ ။ ၁) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား (၁)ချပ် လိုအပ်ပါသည်။ ၂) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၄)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား(၂)ချပ် လိုအပ်ပါသည်။ ၃) 21" LCD Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 50Watt ဆိုလာပြား(၁)ချပ် လိုအပ်ပါသည်။ ၁၁။ ဆိုလာစနစ်အား မီးထွန်းရန်အတွက်သာ အသုံးပြုမည်ဆိုပါက နာရီဘယ်လောက် အသုံးပြုနိုင်မလဲ။ သုံးစွဲနိုင်သော နာရီအချိန်သည် မိမိသုံးစွဲမည့် မီးချောင်း(သို့)မီးလုံး အရေအတွက်နှင့် အသုံးပြုထားသော ဆိုလာပြားအရွယ်အစား ပေါ် မူတည် ပါသည်။ ဥပမာ ၁။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၁)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့၁၀နာရီ မီးထွန်းနိုင် ပါသည်။ ၂။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၂)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၅နာရီ မီးထွန်းနိုင် ပါသည်။ ၃။ ၉၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၄)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၄နာရီခွဲ မီးထွန်းနိုင် ပါသည်။ ၁၃။ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားမည်မျှ ထုတ်လုပ်ပေးနိုင်မည်နည်း။ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးရုံအဆင့်ထိ ထုတ်လုပ်ပေးနိုင် ပါသည်။ ၁၄။ ဆိုလာစနစ်ဖြင့်မီးထွန်းလျှင် အလင်းအား မည်မျှလင်းမည်နည်း။ အလင်းအားသည် ဆိုလာစနစ်ပေါ်တွင် မူတည်ခြင်းမဟုတ်ပါ။ မိမိအသုံးပြုမည့် မီးချောင်း (သို့) မီးလုံး၏ အလင်းအားထုတ်လွှတ် ပေးနိုင်ခြင်းပေါ်တွင် မူတည်ပါသည်။ ၁၅။ အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသလား။ အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသည်။ သို့သော် ဆိုလာပြားအမြောက် အများလိုအပ်ပါသည်။ ၁၇။ ဆိုလာပြားသည် အလွယ်တကူပျက်စီးနိုင်သလား။ သာမာန်အားဖြင့် ဆိုလာပြားသည် အလွယ်တကူမပျက်စီးနိုင်ပါ။ သို့သော် ဆိုလာပြားများအားသယ်ယူစဉ် နှင့် တပ်ဆင်ချိန်များတွင် ဂရုတစိုက် ပြုလုပ်ရန်လိုအပ်ပါသည်။ ၁၈။ ဆိုလာစနစ် အသုံးပြုမည်ဆိုပါက တစ်နေ့လျှင် နေရောင်ခြည် မည်မျှလိုအပ်မည်နည်း။ ဆိုလာတပ်ဆင်မည့်နေရာသည် တစ်နေကုန် နေရောင်ခြည်ရရှိရန် လိုအပ်ပါသည်။ ထိုသို့တစ်နေကုန် နေရောင်ခြည်မရရှိပါက ဆိုလာပြားမှ လျှပ်စစ်စွမ်းအားအပြည့်အ၀ ထုတ်ယူရရှိနိုင်မည်မဟုတ်ပါ။ ၁၉။ တစ်ပတ်လုံး တိမ်ထူနေ့များ (သို့) မိုးရွာနေ့များတွင် ဆိုလာစနစ်ကို အသုံးပြုနိုင်သလား။ သာမာန်အားဖြင့် တိမ်ထူသောနေ့များ(သို့) မိုးရွာသောနေ့များတွင် ဆိုလာမှလျှပ်စစ်ဓာတ်အား အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ခြင်းမရှိပါ။ သို့သော် အချို့သောနေရာဒေသများတွင်မူ တိမ်ထူသောနေ့များနှင့်မိုးရွာသော နေ့များတွင်လည်း အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ၂၀။ မည်သည့်နေရာဒေသများသည် ဆိုလာစနစ်အား အသုံးပြုရန် ပိုမိုသင့်တော်သနည်း။ နေရောင်ခြည်ကောင်းကောင်းရရှိနိုင်သော မည်သည့်နေရာဒေသတွင်မဆို ဆိုလာစနစ်အား အသုံးပြုနိုင်ပါသည်။ ၂၁။ ဆိုလာစနစ်တွင် ဘက္ထရီနှင့် အင်ဗာတာများ လိုအပ်ပါသလား။ ဘာကြောင့်လိုအပ်ပါသနည်း။ ဆိုလာစနစ်တွင် ဘက္ထရီ၊ အင်ဗာတာများ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်နေရောင်ခြည်မရရှိနိုင်သောညအခါတွင် လျှပ်စစ်ဓါတ်အား ထုတ်ယူအသုံးပြုရန်အတွက် နေ့အချိန်တွင် ဆိုလာစနစ်မှထုတ်ပေးသော လျှပ်စစ်ဓါတ်အား သိုလှောင်ထိန်းသိမ်းထားရန် ဘက္ထရီလိုအပ်ပါသည်။ ဆိုလာစနစ်မှ ထုတ်ယူရရှိသော လျှပ်စစ်ဓါတ်မှာ ဒီစီလျှပ်စစ်စနစ်ဖြစ်၍ အေစီလျှပ်စစ်ပစ္စည်းများအသုံးပြုရန်အတွက် အင်ဗာတာ လိုအပ်ခြင်း ဖြစ်ပါသည်။ ၂၂။ ဆိုလာတပ်ဆင်ခြင်းသည် လွယ်ကူသလား။ ခက်ခဲသလား။ ဆိုလာတပ်ဆင်ခြင်းသည် ရိုးရှင်းလွယ်ကူပြီး၊ အသုံးပြုရသည်မှာလည်း လွယ်ကူပါသည်။ ၂၅။ ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်သလား။ ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်ပါသည်။ သို့သော် ဆိုလာနှင့် မိုဘိုင်းဖုန်းကြားတွင် အားသွင်းထိန်းညှိစက် တပ်ဆင်ရန်လိုအပ်ပါသည်။ ၂၆။ အားဖြည့်နေချိန်တွင် မီးထွန်းနိုင်သလား။ အသုံးမပြုနိုင်လျှင် ဘာကြောင့်လဲ။ အားဖြည့်နေချိန်တွင် ထုတ်မသုံးဘဲနေခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ ထုတ်သုံးလျှင် သင်၏ဘက္ထရီသည် အားမပြည့်နိုင်ပေ။ ၂၇။ ဘက္ထရီကို လိုအပ်သည်ထက် ပိုမို၍အားသွင်းမိလျှင် ပေါက်ကွဲတတ်သလား။ အားသွင်းထိန်းညှိစက်အသုံးမပြုပဲ အချိန်ကြာမြင့်စွာ အားသွင်းမိလျှင် ဘက္ထရီအားထိခိုက်ပျက်စီးနိုင်ပါသည်။ ၂၈။ ဘက္ထရီအား လွန်၊မလွန် ဘယ်လိုသိနိုင်မလဲ။ သာမာန်အားဖြင့် အလွယ်တကူမသိနိုင်ပါ။ အချိန်ကြာမြင့်စွာအားသွင်းစဉ် ဘက္ထရီအိုးပူလာပြီး အနံ့တစ်မျိုးမျိုး ထွက်လာပါက အားလွန်ခြင်း ကြောင့်ဖြစ်ပါသည်။ ၂၉။ ဆိုလာအတွက် မည်သည့်ဘက္ထရီအမျိုးအစားကို ပိုမိုရွေးချယ်သင့်သလဲ။ Deep Cycle Maintenance Free Sealed Lead Acid Battery သည် အကောင်းဆုံးဖြစ်သည်။ ၃၀။ Charge Controller ဆိုတာ ဘာလဲ။ Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေး သောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။ ၃၁။ Charge Controller ဘာကြောင့် အသုံးပြုရတာလဲ။ သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။ ၃၂။ Charge Controller ကို အသုံးမပြုချင်ဘူးဆိုလျှင် ဘာလုပ်နိုင်မလဲ။ သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် လျှပ်စစ်အကြောင်း တတ်ကျွမ်း နားလည်သော ပညာရှင်တစ်ယောက် ကိုခေါ်၍ ဘက္ထရီအားသွင်းစဉ် အစဉ်အမြဲစောင့်ကြည့်ခိုင်းထားရပါမည်။ Credit to Sun Power. CO., LTD

Thursday, April 18, 2013

အနမ်းသေတ္တာ... တစ်ခါတုန်းက ဖခင်တစ်ယောက်က သူ့ ရဲ့ သုံးနှစ်အရွယ်သမီးလေးကိုပစ္စည်းထုပ်ပိုးတဲ့ ရွှေရောင်စက္ကူလေးတွေကို ဖြုန်းတီးတယ်ဆိုတဲ့အပြစ်နဲ့ ဆူပူကြိမ်းမောင်းနေတယ်။ပိုက်ဆံရှာရတာမလွယ်တဲ့အချိန်မှာ အဲဒီရွှေရောက်စက္ကူတွေကို ထုပ်ပိုးပြင်ဆင်ပြီး ခရစ္စမတ်သစ်ပင်အောက်မှာထားတာ အလကားပိုက်ဆံဖြုန်းတီးတာပဲမဟုတ်လား။ ဒါပေမယ့် နောက်တစ်နေ့ မနက်မှာ သမီးလေးက သူ့ အဖေကို လက်ဆောင်ထုပ်လေးကိုပေးပြီး ဖေဖေ့ အတွက်လို့  ပြောတဲ့အချိန်မှာတော့ ဖခင်ဟာ ရှက်တဲ့စိတ်၊ စိတ်မကောင်းတဲ့စိတ်တွေရောပြွမ်းပြီးတော့မှ စက္ကူဘူးလေးကိုဖွင့်လိုက်တယ်။ စက္ကူဘူးလေးကို ဖွင့်လိုက်တဲ့အခါမှာတော့ ဒေါသအရမ်းထွက်သွားတယ်။စက္ကူဘူးထဲမှာ ဘာမှမရှိဘူးလေ။ ဒါနဲ့ ဖခင်က သမီးဖြစ်သူကို ဒေါသတကြီးနဲ့ သူများကို လက်ဆောင်ထုပ်ပေးရင်အထဲမှာတစ်ခုခု ထည့်ထားရတယ်ဆိုတာ သမီးမသိဘူးလားလို့ အော်ပစ်လိုက်တယ်။ သမီးလေးက မျက်ရည်တွေဝိုင်းပြီးမှဖေဖေရယ် သမီးက အဲဒီဘူးလေးထဲကို အနမ်းတွေ အများကြီး နမ်းထည့်ထားတာပါ။ ဖေဖေ့အတွက် သမီးအနမ်းလက်ဆောင်ပါဖေဖေ လို့ ပြန်ပြောလိုက်တယ်။ ဖခင်ဖြစ်သူက အရမ်းပဲ ခံစားသွားရပြီးတော့ သမီးဖြစ်သူ ကိုဖက်ထားပြီး သူ ကို ခွင့်လွှတ်ဖို့ ပြောတယ်။ အဲဒီဖခင်က သမီးပေးထားတဲ့ စက္ကူဘူးလေးကို အမြဲသိမ်းထားပြီးတော့ သူစိတ်ပျက်အားငယ်တဲ့အချိန်တိုင်းမှာထုတ်ထုတ်ကြည့်ပြီး သမီးရဲ့ အနမ်းလေးတွေက သူ့ အတွက် ခွန်အားဖြစ်စေတယ်။ ကျွန်မတို့ ဘ၀ ရွှေရောင်စက္ကူဘူးထဲမှာ ကျွန်မတို့ မိသားစု၊သူငယ်ချင်၊၊ သက်ဆိုင်သူတွေ၊ နဲ့ ဘုရားသခင်ရဲ့  ချစ်ခြင်းမေတ္တာတွေနဲ့  ပြည့်နှက်နေပါတယ်။ဒီမြင်နိုင်စွမ်းမရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ မြင်ရတွေ့ ရတဲ့ အပေါ်ယံအရာတွေထက် အများကြီးတန်ဖိုးရှိပါတယ်။ A Box of Kisses ဆိုတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ စနိုး ဘာသာပြန်ပုံပြင်များ

Wednesday, April 17, 2013

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ...

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ... *************************************** http://www.worldofwisdom.asia/2011/10/blog-post_6855.html ဖြေ ။ လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်။ ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်။ ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။ ၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် ) ၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ ) ၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ ) ၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၁၀။ ၀ံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) အထက်ပါ အသားကြီး ဆယ်မျိုးက လွတ်တဲ့ ကြက်သား ၀က်သားစတာတွေမှာလဲ အစွန်းသုံးပါး လွတ်ရင် ဘုန်ပေးနိင်တယ် လို့ ခွင့်ပြုထားခဲ့တယ်။ အစွန်းသုံးပါး ဆိုတာက - ၁။ ဒိဋ္ဌမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊ ၂။ သုတမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊ ၃။ ပရိသင်္ကိတ မံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာ၊ တွေကို မဘုန်းပေးကောင်းပါဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ သင့်လျော်တဲ့ ဆန္ဒရှိတဲ့ရဟန်းတော်တွေ စားလိုက စားနိုင်တယ်၊ မစားပဲ နေလိုက နေနိုင်ပါတယ် လို့ ကရုဏာတော်နဲ့ ခွင့်ပြုတော်မူခဲ့တယ်၊ လူတွေမှာတော့ ကိုယ်တိုင် မသတ်ရင် စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အာဟာရက တရားထူးရဖို့ ကျေးဇူးပြုပုံကတော့ Please Click Here : For English Version http://www.dhamma.worldofwisdom.asia/2012/05/mother-sixty-bhikkhus.html ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းတော် အပါး ( ၆၀ ) ဟာ မြတ်စွာဘု၇ားဆီက ကမ္မဋ္ဌာန်းတောင်းပြီး သာဝတ္ထိနဲ့ ဝေးလံတဲ့ တောရွာတရွာမှာ ၀ါဆိုခဲ့ကြတယ်၊ အဲဒီရွာက ဒကာမကြီးတယောက်ကလဲ သိပ်ကြည်ညိုလွန်းလို့ အစစအရာရာ လှူဒါန်းပေးတယ်၊ တနေ့တော့ ကိုယ်တော်တွေ တရားအားထုတ်နေတာကို ကြည့်ပြီး တပည့်တော်လဲ အားထုတ်လို့ ရနိုင်ပါသလား လို့ မေးလိုက်တာ ရနိုင်တယ် ဆိုတာနဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းတောင်းပြီး အချိန်ပြည့် အားထုတ်နေသတဲ့၊ မကြာခင်မှာပဲ ဒကာမကြီးက သုံးမဂ် သုံးဖိုလ် ဆိုက်ပြီး လောကီ ဈာန် အဘိညာဉ်နှင့်တကွ အနာဂါမ်အရိယာ ဖြစ်သွားတယ်၊ တရားထူးရတာနဲ့ တပြိုင်နက်ထဲ " ငါ့ သားတော်တွေ ငါ့လို တရားထူး ရနေကြပြီလား - ဘယ်လို အဆင့် ရောက်နေကြပြီလဲ " လို့ ကြည့်လိုက်တော့ အားလုံး ဟာ ပုထုဇဉ်တွေပဲ ရှိသေးတာကို အဘိညာဉ်နဲ့ မြင်တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်၊ ဘယ်လိုတွေကြောင့် တရားထူးမရနိုင်ကြတာလဲ လို့ ဆက်လက်ဆင်ခြင်ကြည့်ပြန်တော့ သေနာသန သပ္ပါယ - နေရာထိုင်ခင်း အအေး အပူ ရာသီဥတု တွေတော့ မျှတကြပါတယ်၊ ပုဂ္ဂလ သပ္ပါယ - တပါးနဲ့ တပါး လည်းပဲ အမျက်ဒေါသ စတာတွေမရှိပဲ ချစ်ချစ်ခင်ခင် နေကြ မျှတကြပါတယ်၊ ဘောဇန သပ္ပါယ - စားသုံးနေရတဲ့ အာဟာရကတော့ မမျှတကြဘူး၊ ဒီနေ့ အချဉ်လေး စားချင်တဲ့ ဆန္ဒရှိပေမယ့် အချဉ်ကို မစားရဘူး၊ အချိုကို တောင့်တပြန်တော့ အစပ် အခါး အရသာရှိတဲ့ ဟင်းတွေ ကို စားရပြန်တယ်၊ ဒီလိုနဲ့ စားချင်တာက တခြား စားနေရတာက တမျိုး ဆိုတော့ မမျှတဘူး ဖြစ်နေတယ်၊ အဘိညာဉ်နဲ့ ဆင်ခြင်ပြီးတဲ့ နောက်နေ့မှာတော့ ရဟန်းအပါး ၆၀ ဆန္ဒ ရှိနေကြတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် ဟင်းလျာ မှန်သမျှကို စီစဉ် ဆက်ကပ် ပြီး အရှင်ဘုရားတို့ အလိုရှိသမျှ လိုအပ်သလောက် ဘုန်းပေး သုံးဆောင်တော်မူကြပါဘုရား ဆိုပြီး လှူဒါန်းခဲ့သတဲ့၊ ရဟန်းဘ၀ ဆိုတာကလဲ သပိတ်ထဲ ရောက်လာတာ လောင်းလှူလိုက်တာကိုပဲ ဘုန်းပေးနေကြရတာကိုး၊ ဂျီးများလို့ မရဘူးပေါ့၊ ဟင်းချို ပူပူလေး သောက်ချင်ပေမယ့် လှူတဲ့သူက အေးတိအေးစက် လှူပြန်ရင် သပ္ပါယ မဖြစ်ပြန်ဘူး ၊ ဒါကြောင့်လဲ ရဟန်း ဆိုတဲ့ အဓိပ္ပါယ်ကို (ဘိက္ခတိ ယာစတီတိ ဘိက္ခု ) - တောင်းရမ်း အလှူခံပြီး အသက်မွေးရတဲ့ ဘ၀မို့ ဘိက္ခု ခေါ်သတဲ့၊ နောက်တမျိုးက ( ပရဒတ္တူပ ဇီဝီ )- သူတပါး ဆိုတဲ့ ဒကာ ဒကာမတွေအပေါ်မှာ မှီပြီး အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေ လို့ ဆိုပြန်သေးတယ်၊ ... ဒါက ထားပါတော့ - ဒီနောက်မှာ လိုအပ်တဲ့ အစာ အာဟာရကို သုံးဆောင်ပြီး ဘောဇန သပ္ပါယ မျှတနေကြတဲ့ ရဟန်းတော်တွေဟာ တရားအားထုတ်လိုက်တာ သမာဓိတွေ အဆင့်ဆင့် တက်ကာ တည်ကြည်ပြီး အပါး ( ၆၀ ) လုံး ပဋိသမ္ဘိဒါ လေးပါး ဈာန် အဘိညာဉ်အားလုံးနှင့်တကွ ရဟန္တာ ဖြစ်သွားကြတယ်၊ ရဟန္တာဖြစ်ကြတာနဲ့ တပြိုင်နက်ထဲ အဘိညာဉ်နဲ့ ဆင်ခြင် ကြည့်ပြန်တော့ -- " အော် -- ငါတို့ အားလုံးရဲ့ မယ်တော်ကြီး မာတိက မာတာ ဟာ ငါတို့ အပေါ်မှာ သိပ်ပြီး ကျေးဇူးများတာပဲ၊ သူရှိနေလို့သာ ငါတို့ တရားထူးရနိုင်ပေတယ် "- လို့ ကျေးဇူးကို မြင်တော်မူကြပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၇သတဲ့။ ဒီနေရာမှာ အကယ်၍များ တရားအားထုတ်နေသူအားလုံးအတွက် လိုအပ်တဲ့ ဘောဇန သပ္ပါယ ကို မရခဲ့လျင် တရားထူး မရနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊ အသားငါးတွေ ကို ရှောင်ကြဉ်ဖို့ စွဲကိုင်နေလျင် ထိုရဟန်းတော်များ ရဟန္တာဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဒါကြောင့်လဲ ယခုအခါ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများက ဘုန်းကြီး ၇ဟန်းတော်များကို ဆွမ်းကပ်သည့်အခါ ချို ချဉ် စပ် အခါး၊ အဖန် အရသာ စသည်ဖြင့် သစ်သီးဝလံ ခဲဖွယ်ဘောဇဉ် စုံစုံလင်လင် ဆက်ကပ်နေကြသည်ဟု စာရေးသူက ထင်မြင်မိပါတယ် ။ ( အရှင်သုနန္ဒာလင်္ကာရ ) ...................................................................................................... မစားသင့်သော အသားကြီးဆယ်မျိုး နှင့် အစွန်းသုံးပါးလွတ်သော အသားငါး အကြောင်းဖော်ပြပြီဖြစ်၍ အောက်ပါအဖြေတွင် အဆိုပါအကြောင်းအရာများကို ဖြတ်နုတ်ထားပါကြောင်း ... ဖြေ ။ တလောကလုံး သက်သတ်လွှတ်စားပါ ဆိုရင်လဲ မဖြစ်နိုင်သလို၊ အားလုံး အသားတွေ စားကြပါလို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။ စားသူစား ရှောင်သူရှောင်မှာပေါ့။ တပြည်းတည်း မဖြစ်နိုင်ပါဘူး။ ရှောင်တယ်ဆိုရင်လဲ သတ္တ၀ါတွေ ငါ့ကြောင့် မသေစေပါနဲ့ နင်တို့အသားကို ငါမစားတော့ဘူး ဆိုပြီး မေတ္တာစိတ်နဲ့ ရှောင်ရင် မေတ္တာစိတ်ကြောင့် ကုသိုလ်ဖြစ်ပါတယ်။ သိပ်အသား စားကျူးလွှန်းရင်တော့ ရောဂါများတတ်တယ်။ မတတ်သာလို့ စားတယ်ဆိုရင်လည်း ခန္ဓာကိုယ် မျှတကျန်းမာစေဖို့ ဆိုတဲ့စိတ်နဲ့ စားသင့်တယ်။ တဏှာလောဘဇောနဲ့ မစားသင့်ဘူးပေါ့။ ဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမထားတာ မှတ်သားစရာ သိပ်ကောင်းတယ် … ဒီလိုပါ အသားစားရင်လဲ ဥပမာ တစ်ခုပေးထားတယ်။ ကန္တာရ တစ်ခုကို ခရီးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ သားငယ်တစ်ယောက်။ လမ်းမှာ သားငယ်က ဆုံးသွားတယ်။ စားဖို့ ရိက္ခာတွေလည်း မရှိတော့ သူတို့ သားငယ်ရဲ့ အသားကို လှီးဖြတ်ယူပြီး အခြောက်လှမ်းကာ စားဖို့ ရိက္ခာအတွက် ယူဆောင်လာရတယ်။ အဲဒီ လင်မယားနှစ်ယောက် ထမင်းဆာလို့ သူတို့ သားငယ်ရဲ့ အသားကို စားတဲ့အချိန်မှာ တဏှာလောဘနဲ့ စားပါ့မလား ရဟန်းတို့ လို့ ဘုရားကမေးတော့ ရဟန်းတော်တွေက (မစားပါဘုရား) လို့ဖြေတယ်။ ဟုတ်တယ် သူတို့လင်မယား အသားကို စားတိုင်း မျက်ရည်လည်ပြီးတော့ မတတ်သာလို့ သူတို့သားငယ်ရဲ့ အသားကို စားကြတယ်။ အဟာရဖြစ်ဖို့သာ စားကြတာတဲ့။ ဒါကြောင့် စားရင် တဏှာလောဘနဲ့ မစားဖို့ အရေးကြီးတယ် လို့ဖြေပါရစေ။ အသားစားတဲ့သူကို လူစိတ်မရှိတဲ့သူတွေ ဘီလူးတဘက်တွေ ဆိုပြီး မစွပ်စွဲသင့်သလို သက်သတ်လွှတ် စားတဲ့သူတွေကိုလည်း နွားတွေ ကျွဲတွေလည်း သက်သတ်လွှတ်ပဲစားတယ် ဆိုပြီး မစွပ်စွဲသင့်ပါဘူး။ စိတ်ထားတတ်ဖို့ အသိတရား ရှိဖို့ အရေးအကြီးဆုံးပါ။ သတ်သတ်လွတ်စားခြင်းဖြင့် အကျိုး ရှိ ၊ မရှိ အထူးသဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်စေပါတယ်။ ခန္ဓာကိုယ်အနံ့အသက် သိပ်မနံဘူး အသားစားများတဲ့ အက်စကီးမိုးလူမျိုးတွေဟာ အသက်တိုကြတယ်။ သူတို့ရဲ့ ပျှမ်းမျှအသက် ၃၅ လောက်ပဲရှိတယ်။ အသားစားများလို့ ဆိုပြီး သုတေသနတွေ ကောက်ချက်ချတယ်။ …ဒါပေမယ့် ကိုယ်က သက်သတ်လွှတ်စားပြီး မစားတဲ့သူတွေကို အထင်သေးအမြင်သေးတာမျိုးတော့ မဖြစ်သင့်ဘူးထင်တယ်။ အသားလျှော့စားတာတော့ ကောင်းပါတယ်။ အသီးအရွက်တွေကို များများစားပေးရင် ပိုကောင်းတယ်လို့ ဆေးသူတေသနတွေ ကောက်ချက်ချကြတယ်။ (အရှင်စ၀်ဆုခမ်း) ................................................................................................ နောက်ပြီ တချို့ဆရာတော်ကြီးတွေရဲ့တရားရိပ်သာတွေမှာ သက်သက်လွတ်ပဲစားကြရတဲ့ အကြောင်းရင်းကတော့ တရားနာပရိတ်သတ် နှင့် ယောဂီများမှာ ရာချီထောင်ချီ ရှိကြတယ် ဆိုတော့ တစ်နေ့တစ်နေ့ အသားငါးများကျွေးမွေး ရမည်ဆိုလျှင် တရွာလုံးမှာရှိတဲ့ အသားငါးများသတ်ဖြတ်ရုံပါမက အခြားရွာမှလည်း မာယူနေကြရမည်ဖြစ်သောကြောင့်သာလျှင် သက်သက်လွတ်စားခြင်းဖြစ်သည်။ (အရှင်ဇဝန) .............................................................................. အဆုံးသတ်ရမည်ဆိုလျင် ... ဟင်းသီးဟင်းရွက်တွေကို ပိုးမွှားများမတက်ရအောင် ပိုးမထိုးရအောင် ဆေးများဖြန်းယူကြရတယ်၊ ဖျားနာရင်လည်း ဆေးများသောက်သုံးနေကြရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့်လည်း သက်သက်လွတ်ဖို့ဆိုတာခဲရင်းကြောင်းပါ။ အဒီက တော့ အစွန်းမရောက်ဖို့ပါပဲ၊ မျှတတဲ့ အလယ်အလတ် (မဇ္ဈိမ ပဋိပဒါ ) လမ်းစဉ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။ ...................................................................................... http://ashinayethaka.com/index.php?option=com_content&view=article&id=270%3A2011-07-14-04-39-09&catid=35%3A2010-11-13-06-53-37&Itemid=66 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ http://shanviews.com/archives/661 ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ the eXistence မှ အရှင်ဇဝန - ဟောကြားတော်မှုသောတရားတော်များမှ မှတ်မိသလောက် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ ၁။နံနက်စာမစားတဲ့အကျင့် နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ၂။ အစာစားပြီး ရေများများသောက်ခြင်း အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။ ၃။ အစားအလွန်အကျွံစားတတ်မှု အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။ ၄။ လက်ဖက်ရည်ခါးခါးသောက်တတ်ခြင်း အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်။ ၅။ အရက်အလွန်အကျွံသောက်ခြင်း အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ ၆။ အလွန်အကျွံအိပ်ခြင်း အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။ ၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့် မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။ ၉။ လမ်းလျှောက်လွန်းတဲ့အကျင့် လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။ ၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊ ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။ ကဲရှောင်ကြ ရှားကြနော်..ကျန်းမရေးလေးကောင်းအောင်...ကျန်းမာရေးကောင်းမှ လုပ်ချင်တာ လုပ်လို့ရမယ်......:)