ဟန်သစ်ငြိမ်။ ။ အရှင်နတ်မင်းဘုရား.. .။
နတ်မင်း။ ။ ပြော မောင်ဟန်သစ်၊ မျက်နှာမသာမယာနဲ့ ဘာများဖြစ်လေသနည်း။
ဟန်သစ်ငြိမ်။ ။ ပြော၊ မပြောချင်ပါဘူး အရှင်နတ်မင်း ဘုရား... အရှင်စောင့်ကြပ်လေေ သာ Facebook မှာ...
နတ်မင်း။ ။ ဘုရား၊ ဘုရား၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ၊ Facebook မှာ ဘာများ ဖြစ်လေသနည်း မောင်ဟန်သစ်ရဲ့...။
ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား၊ မှန်ရာကို အမြန်မကြာ ထွက်ကာဆိုရမည်ဆိုလျှင် အကျွန်ုပ်ကို စိတ်အနှောက်အယှက် ဖြစ်စေသော အကြောင်းခြင်းရာ ဆယ်ချက်ထက်မက ဖြစ်ပေါ်နေသောကြောင့်ပါ ဘုရား။
နတ်မင်း။ ။ အလျှင်အမြန် လျှောက်တင်စမ်း၊ ငါကိုယ်တော် အကြံပြုတော် မူချေမည်။
ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား၊ အချို့သော သူများသည် ကျွန်တော်မျိုးအား သူငယ်ချင်း အဖြစ် Facebook တွင် လက်ခံထားပြီး သူတို့၏ Wall ကိုမူ ပေးမမြင်တွေ့ပဲ Private လုပ်ထားကြောင်းပါ ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အကြောက်တရား စိုးမိုးသူများ ဖြစ်လေသတည်း။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။ အချို့သော သူတို့ကမူ ကျွန်တော်မျိုးအား Invite လုပ်လိုက်၊ တစ်ခါ Remove လုပ်လိုက်၊ တစ်ခါ ထပ်ပြီး Invite ပြန်လာလုပ်လိုက် ဖြစ်နေပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား စိတ်မမှန်သူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။ အချို့သူတို့ကား ကျွန်တော်မျိုး Invite လုပ်သည်ကို လက်မခံပဲ ရှိနေလို့ပါ ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား သွေးကြီးသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ အချို့သော သူတို့ကား ဟန်သစ်ငြိမ်မှာ မဲသည်၊ ဖြူသည် သေချာမသိဘဲ အတင်းကို Invite လာလုပ်ပြီး မိတ်ဖွဲ့နေကြပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် Facebook အကြောင်း သေချာမသိသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ ယခုထပ်မံ တင်ပြလိုသည်ကား။ အချင်းချင်း၊ မျှဝေ၊ ရေးသားကြသည့် ကိစ္စများ ဖြစ်ပါသည် ဘုရား။
နတ်မင်း။ ။ ဆိုစမ်းပါဦး၊ မောင်ဟန်သစ်ရဲ့... ဘယ်လိုတွေများ ဖြစ်ပျက်နေကြသနည်း။
ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား။ အချို့သောသူများသည် သူတို့ရေးသမျှ ပို့စ်၊ သီချင်း၊ ဓာတ်ပုံ စသည်တို့ကို ကျွန်တော်မျိုး ကြိုက်သည် မကြိုက်သည် မမေးမြန်းဘဲ အတင်းကာရော Tag လုပ်နေကြခြင်း ဖြစ်ပါသည်။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား နာမည်ကြီးချင်သူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများကား ကျွန်တော်မျိုး အတည်အတန့် ရေးတင်ထားသော Status များ Notes များတွင် နောက်ပြောင်၊ ကျီစားသော Comment များ ပေးသွားကြပါသည်ဘုရား။ တခါတရံ ဘာမှ မရေးဘဲ :) :D :P စသဖြင့် လုပ်သွားပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် အားယားတိုင်း အပျော်ရှာနေကြသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့တမူကား ကျွန်တော်မျိုး ဘာပဲတင်တင် တစ်ခုမကျန် လာရောက် Like လုပ်နေ ကြပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အထီးကျန် ဆန်သူများ၊ သို့မဟုတ် အဆင်အခြင်နည်းသော သူများ ဖြစ်ချေမည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား မည်သည့်ရန်ညှိုးမျှ မရှိဘဲ ကျွန်တော်မျိုး၏ Notes များ၊ Status များတွင် လာရောက်ဆဲဆို ရေးသားသွားကြပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူများသည် မိုက်ကန်းပြီး မနာလိုစိတ်ကြီးသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား ဤသို့ ရှိပါသည်။ သူတို့၏ Status များ Wall များတွင် ကျွန်တော်မျိုး သွားရောက် ရေးသား Comment သောအခါ ကျွန်တော်မျိုးအား Block လုပ်ပစ်ကြပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား လူမှုရေးနားမလည်သူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ လူမှုရေးနှင့် ဆိုင်သဖြင့် ခံစားရသော ပြဿနာ အနည်းငယ်ကို ပြောချင်ပါသည် အရှင်ဘုရား။
နတ်မင်း။ ။ အိန်း၊ ပြောချေလေ၊ မည်သို့သော ပြဿနာများနည်း။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့မှာကား ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ကျွန်တော်မျိုး၏ ကိုယ်ရေးကိုယ်တာ သမီးရည်းစားကိစ္စများတွင် ဝင်ရောက် စပ်စုချင်ကြပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် မီးလောင်ရာ လေပင့်ချင်သူများ၊ ယနေ့ခေတ်အခေါ် ဖွတတ်သူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် Relationship Status ကို ရည်းစားများပြောင်း တိုင်း မကြာခဏ ပြောင်းတင်နေပါသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ပေါ်ပြူလာဖြစ်လိုသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည် ဆန့်ကျင်ဘက် လိင်များကိုသာ သွားရောက် မိတ်ဖွဲ့ကြသည်ကို သတိထားမိပါသည် ဘုရား။
နတ်မင်း။ ။ ထိုသူတို့သည်ကား တဏှာကြီးသူ၊ ယနေ့အခေါ် ဖွန်ကြောင်သူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သောသူများသည် အပျိုကြီး၊ လူပျိုကြီးဖြစ်ရသည် ကို အင်မတန်မှ ဂုဏ်ယူကြောင်းကို Facebook ကို အသုံးချပြီး ကြော်ငြာဝင်နေကြပါသ ည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ရှက်ရမ်းရမ်းသူများ ဖြစ်ကြလေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ အချို့သော သူတို့သည် Profile ဓာတ်ပုံများကို အမှန်မပြဘဲ မျောက်အကိုကြီးယား၊ မျောက်အမေကြီးကားတိုက် စသည်မှ မင်းသမီး၊ မင်းသားပုံများ တင်ထားကြပါသည်ဘုရား ။
နတ်မင်း။ ။ အိန်း ထိုသူတို့သည် အရှက်ကြီးသော အုံ့ပုန်း သမားများ ဖြစ်ကြလေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် သူတို့ ငယ်စဉ်က ကိုယ်လုံးတီးပုံများ၊ မိသားစုပုံများကို တင်ပြီး Sibling များပင် ထားရှိကြပါသေးသည် ဘုရား။
နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အုပ်စုနှင့် ဖြဲချောက်လိုသူများ ဖြစ်လေသည် မောင်ဟန်သစ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည်ကား...
နတ်မင်း။ ။ ဒီမယ်...၊ မောင်ဟန်သစ်...
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား
နတ်မင်း။ ။ မောင်မင်း ဒီလောက် စိတ်ရှုပ်နေရင်လည်း Facebook သုံးမနေနဲ့တော့ကွယ် ။ ငါကိုယ်တော် ဒီထက်ပိုပြီး အကြံမပြုတတ်ချေတော့ ဘူး။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ ဒါပေမယ့် မရှိမကောင်း၊ ရှိမကောင်း ဆိုသလို မသုံးရင်လည်း မနေနိုင်လေတာကြောင့်...
နတ်မင်း။ ။ ဒါဆိုလည်း မောင်မင်းသဘောလေကွယ်၊ ငါကိုယ်တော် ပြန်ကြွတော်မူပြီ... Facebook မှာ လိမ်မာမာ နေကွယ့်၊ ဒါပဲ ပြောမယ်။
ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။။
(မှတ်ချက်။ ။ Facebook ကို စိတ်စွဲသဖြင့် မနေ့ညနေက မက်သော အိပ်မက် ဖြစ်လေသည်။)
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
credit-ဟန်သစ်ငြိမ်
No comments:
Post a Comment