Sunday, October 30, 2011

ဂဒါဖီသား လက်နက်ချနိုင်ဖို့ ICC ညှိနှိုင်းနေ

တရားခံပြေးတစ်ဦးဖြစ်ပြီး သေဆုံးသွားတဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ သားဟာ တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် လက်နက်ချဖို့ ကြားခံတစ်ဦးကတဆင့် ဆွေးနွေးနေကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး ICC ကပြောဆိုလိုက်ပါတယ်။

ဆာဟိ အယ်လ် အစ္စလာမ် ဂဒါဖီ ကို အာဖရိကနိုင်ငံတစ်ခုကို ထွက်ပြေးနိုင်ဖို့ ကြေးစားတပ်ဖွဲ့တွေက အကူအညီပေးနေကြောင်း လေ့လာသိရှိရတယ်လို့ ICC နိုင်ငံတကာတရားရုံးရဲ့ ရှေ့နေ လူးဝစ် မိုရီနို အိုကမ်းပိုး ကပြောပါတယ်။

ဂဒါဖီရဲ့သားကို လေယာဉ်နဲ့တင်ဆောင်လာမယ်ဆိုရင် လေယာဉ်ကို ICC တရားရုံးအနေနဲ့ ကြားဝင် ဟန့်တားပိုင်ခွင့် ရှိတယ်လို့လည်း မိုရီနို အိုကမ်းပိုး ကပြောပါတယ်။ မကြာခင်ကရရှိတဲ့ သတင်းတွေအရ ဆာဟိ အယ်လ် အစ္စလာမ် ဟာ ဆာဟာရကိုဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုကို သွားနေတယ်လို့ဆိုပါတယ်။

ဆာဟိအစ္စလာမ်ဂဒါဖီအပေါ် နိုင်ငံတကာ တရားရုံးက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူ့အဖေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြားခံလူကတဆင့်ပြောဆိုရာမှာ ဆာဟိအစ္စလာမ်က သူဟာ အပြစ်မရှိသူတစ်ဦး ဖြစ်ပါတယ်လို့ ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Source: VOA Burmese

No comments: