Thursday, February 16, 2012

အခြေခံဥပဒေ ပြင်ရမည်ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြော

တပ်မတော်မှ အာဏာလွှဲပြောင်းယူနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်သည် မရှိသင့်၍ ပြင်ဆင်ရမည် ဖြစ် ကြောင်း မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြား လိုက် သည်။ “အနာဂတ်မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချလို့ရတဲ့ အခြေခံ ဥပဒေ၊ အားလုံး ညီတူညီမျှ ပြည်ထောင်စု ဘ၀ စစ်စစ်ကို ရအောင် ကျနော်တို့ မျိုးဆက်သစ်တွေနဲ့ ကြိုးစားသွားမှာပါ။ အခြေခံ ဥပဒေကို ရအောင်ပြင်မှာပါ”ဟု ကိုနေမျိုးဇင်က ဧရာဝတီကို ပြော သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် မျက်နှာဖုံး ကိုနေမျိုးဇင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီး ယခု အခါ NLD ပါတီ ရန်ကုန်တိုင်း ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ၏ ဆက်သွယ်၊ ပြန်ကြားရေး ဘက်တွင် တာဝန် ယူထားကြောင်း၊ လွှတ်တော်တွင်းကို ၀င်ရောက်ခွင့်ရရန် ကြိုးစားမည်ဖြစ်ကြောင်း၊ BG ပရဟိတ သွေးလှူဒါန်းရေး ကိုလည်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ပြဌာန်းထားသည်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ပြင်ဆင် ခွင့်အဆိုပြုပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း က ထောက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည်ဖြစ် သဖြင့် အခြေခံ ဥပဒေပြင်ဆင်ရန် လက်ရှိအခြေအနေတွင် လွန်စွာခက်ခဲကြောင်း မန္တလေးမြို့က ရှေ့နေ ကိုမြင့်သွင်က ပြောသည်။ “အဓိက ပြည်သူဘက်ကရပ်တည်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေနှံ့စပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ် တော်ထဲ များများရောက်ဖို့ လိုတယ်”ဟု သူက ဆိုသည်။ အရေးပေါ်ကာလ အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပြောင်းသည်ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံများ တွင် မရှိ ကြောင်း၊ တိုင်းပြည်တွင် တရားဥပဒေစိုးမိုးမှုရှိပြီး တရားဥပဒေကို နိုင်ငံသားများစွာ သိရှိလာချိန်တွင် ပြင်ဆင်နိုင်မည် ဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်တွင်း ရောက်သွားသည့်တိုင် အနည်းဆုံး အစိုးရသက်တမ်း နှစ်ကြိမ် ခန့် ကြာမှသာ အခြေခံဥပဒေပြင်ဆင်ရေး ချောမွေ့သွားမည်ဟု ယူဆကြောင်း ကိုမြင့်သွင်က ဆိုသည်။ “လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံ့ဝန်ထမ်းများ မဖြစ်ရ။ ခြွင်းချက်- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ အပ လို့ ရေးထားတယ်။ အဲဒီအချက်က တချိန်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ပါဝင်ခွင့် မရှိဘူးဆိုတာကို ၀န်ခံထားတဲ့သဘောပါ၊ တချိန်မှာ လေးပုံတပုံလည်း ရှိတော့မှာ မဟုတ်တော့ဘူး။ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ပုံစံမျိုးဖြစ်စေ၊ အင်ဒိုနီးရှား ပုံစံမျိုးဖြစ်စေ တဖြည်းဖြည်း နဲ့ နောက်ဆုတ် သွားမယ့်ပုံစံမျိုး အဓိပ္ပာယ်သက်ရောက်ပါတယ်”ဟု သူက ဆက်ရှင်းပြသည်။ ကိုနေမျိုးဇင်ကလည်း အခြေခံဥပဒေသည် ချက်ချင်းပြင်ဆင်ရန်ခက်ခဲပြီး အချိန်အတိုင်းအတာတခုကို မဖြစ်မနေ ဖြတ်သန်း ရမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း နားလည်စေလိုကြောင်း၊ သို့အတွက် အားလုံးကို ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၁၈ (က)၌ “အရေးပေါ် အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အ တွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင် ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်”ဟု ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ကလည်း လက်ရှိအခြေအနေမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း လူသိရှင်ကြား ကတိပေးထားရာ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ချောမွေ့မည်ဟု ယုံကြည်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆိုသည်။ ထို့အပြင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးဆောင်ပြီး စိတ်ပါဝင်စားသူများနှင့် အတူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုင်ရာ ပညာပေးရေးအတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူလူထုသိသင့်သော အရေးပါသညိ့ အချက်များကို အပိုင်း လိုက် ဖြန့်ဝေ ပညာပေးသွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မူရင်းအတိုင်းဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကြား၌ ဖွဲ့စည်းပုံဆိုင်ရာ ပညာပေးရေး အတွက် အစိုးရနှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ကူညီအားဖြည့်ပေးခြင်းဖြစ်ကြောင်း ကိုနေမျိုးဇင်က ပြောသည်။ အခြေခံ ဥပဒေစာအုပ်များကို စာပေဗိမာန်က တအုပ်လျှင် ၃ ထောင်ကျပ်နှင့်ရောင်းချပေးနေသော်လည်း ပြည်သူအများစု သည် အခက်အခဲအမျိုးမျိုးရှိ၍ ၀ယ်ယူဖတ်ရှုသူ နည်းပါးသည်ဟုလည်း ဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစု များစွာ မပါဝင်ဘဲ န၀တ၊ နအဖ စစ် အစိုးရကရေး ဆွဲခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း သိန်းချီ သေဆုံးပြီးချိန် မေလအတွင်း၌ပင် ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပ၍ ပြည်သူလူထု ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံ သည် ဟု ကြေညာပြီး အတည်ပြုခဲ့သည်။ အသက် ၃၇ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ၂၀၁၁ ခုနှစ်အတွင်းကဖမ်းဆီးခံခဲ့ရပြီး အီလက်ထရွန်နစ် ပုဒ်မနှင့် ထောင်ဒဏ် ၁၀ နှစ် ချခံခဲ့ရသည်။ အကျဉ်းထောင်တွင်း၌ ခါးရိုးဆိုင်ရာဝေဒနာကိုလည်း ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတီရှပ်ကို အကျဉ်းထောင်တွင်း သွင်းယူရန်ကြိုးစားသည့်အတွက် တရားမ၀င်ပစ္စည်းသွင်းမှုဖြင့် တရားဆက်လက်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ဆုံးတွင် အမှုကို တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။ Source: Irrawaddy News.

No comments: