Sunday, September 23, 2012

ယနေ့မွန်းလွဲ ၁ နာရီက ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာမှ နိုင်ငံတော်ပိုင် သိမ်းဆည်းပြီး မြေများတွင် ၀ယ်ယူနေထိုင်မိသူများအား မြို့တော်ဝန်က ဖယ်ရှားပေးရန် လူကိုယ်တိုင် တွေ့ဆုံပြောကြားအပြီး ၀ယ်ယူနေထိုင်သူများက မြို့ေ တ်ာဝန်အား ပြန်လည်ထွက်ခွာခွင့် မပေးခဲ့ကြောင်း သတင်းရရှိသည်။ မြို့တော်ဝန်က ၄င်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အစိုးရသိမ်းပြီး မြေများကို ၀ယ်ယူနေထိုင်မိသူများအား ၄င်းမြေသည် စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း နိုင်ငံတော်အစိုးရမှ တရားဝင် သိမ်းဆည်းပြီး မြေများဖြစ်ကြောင်း သတင်းစာမှလည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ပြောကြားရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်နေထိုင်မည်ဆိုပါက တရားမ၀င် နေထိုင်နေခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း မြို့ကွက်သစ်ချထားရေးအဖွဲ့မှ ချထားပေးပြီးဖြစ်သောကြောင့် ပိုင်ရှင်ရှိသော မြေကွက်များဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ကိုင်တွယ်သွားတော့မည်ဖြစ်ကြောင်း ၀ယ်ယူထားသည့် စာချုပ်စာတမ်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး ဂရန်ထုတ်ပေးဖို့၊ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရန် မဟုတ်ကြောင်း လိမ်လည်ရောင်းချသွားသူများကို အရေးယူရန် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ အမြန်ဆုံးဖယ်ရှားပေးရန် အထူးမေတ္တာရပ်ခံကြောင်း မြို့တော်ဝန်ကပြောသည်။ အဆိုပါနေရာတွင် နေထိုင်သည့် ကျောင်းဆရာမတစ်ဦးက "ဒီမြေတွေက ၂၀၀၈ လောက်ကတည်းက ရောင်းနေကြတာပါ။ အဲဒီကတည်းက တရားမ၀င်ဘူး တားမြစ်ခဲ့မယ်ဆိုရင် ခုလိုဖြစ်စရာအကြောင်း မရှိပါဘူး"ဟု မြို့တော်ဝန်ကို ပြောဆိုခဲ့သည်။ သို့သော် မြို့တော်ဝန်က ပထမအဆင့်အနေဖြင့် လူကြီးမင်းတို့ ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် မြေယာများ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် မြို့တော်ဝန်၏ ဖြေရှင်းချက်ကို လက်မခံတော့ဘဲ ပြန်လည်ထွက်ခွာတော့မည့် မြို့တော်ဝန်၏ ကားရှေ့ရပ်ကာ ငိုယိုတောင်းပန်ခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ မဖယ်ခိုင်းတော့ပါဘူး မပြောမချင်း မဖယ်ပေးဟုဆိုကာ ပိတ်ဆို့ပြီး မြို့တော်ဝန်ကို ပြန်ခွင့်မပေးတော့ပေ။ မြို့တော်ဝန်အနေဖြင့် ဘုန်းကြီးကျောင်းပေါ်သို့ ရှောင်တိမ်းခဲ့ရပြီး လူစုမှာ စာချုပ်စာတမ်းများကိုင်ကာ ငိုယိုတောင်းပန်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ အမျိုးသမီးအများစုက မြို့တော်ဝန်ကားရှေ့ပိတ်ကာ ငိုယိုတောင်းပန်ခဲ့ကြသည်။ မွန်းလွဲ ၃ နာရီခန့်တွင် ယင်းကျောင်းတိုက်မှ ဆရာတော်က ကားရှေ့မှ ဖယ်ပေးရန် မိန့်ကြားခဲ့သော်လည်း လူထုမှာ ဖယ်ရှားခြင်းမပြုပေ။ မြို့တော်ဝန်ကိုယ်တိုင် ဘုန်းကြီးကျောင်းပေါ်မှ လော်စပီကာဖြင့် ယခုမြေကိစ္စကို ပြန်လည်စိစစ်ရဦးမည်ဖြစ်ကြောင်း၊ စိစစ်ပြီးပါက ပေးသင့်ပေးထိုက်သူများကို ပေးသွားမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေသည်ကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ဒေါသထွက်လာကာ အော်ဟစ်ပြောဆိုခဲ့သည့်အဆင့် ရောက်ရှိခဲ့သည်။ ယင်းကိစ္စကို ၀င်ရောက်ဆောင်ရွက်ပေးနေသည့် ၈၈ ကျောင်းသားများက မြို့တော်ဝန်နှင့် မိမိတို့ ညှိနှိုင်းထားကြောင်း တစ်ပတ်အတွင်း ဖယ်ရှားမှု ဆက်လက်လုပ်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ကားရှေ့မှ ဖယ်ပေးစေလိုကြောင်း ပြောသည်။ လူထုက ၄င်းတို့ကို ယုံကြည်သောကြောင့် ဖယ်ရှားပေးမည်ဟု ပြောဆိုပြီးနောက် မြို့တော်ဝန် ကားတန်းထွက်ခွာနိုင်ခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမောင်ခိုင်က "ဒီမြေက ၉၀ ခုနှစ်ကျော်ကတည်းက တရားဝင် သိမ်းထားတာပါ။ ဒါကြီးကို ဇွတ်ပြောနေလို့လည်း မရပါဘူး။ တရားဥပဒေအတိုင်းသွားဖို့ ကူညီပေးမှာပါ။ တစ်ပတ်အတွင်း မဖျက်ဘူးလို့ မြို့တော်ဝန်က ပြောပါတယ်။ တခြားတော့ ဘာမှမပြောပါဘူး။ ကျွန်တော်တို့က အခု ရုန်းရင်းဆန်ခတ်မဖြစ်ဖို့ အဓိက ရည်ရွယ်ပါတယ်"ဟု ပြောသည်။ မြို့တော်ဝန်သည် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့သည်။ ယနေ့ ညနေီ၆ နာရီတွင် ယင်းကိစ္စကို မန္တလေးမြို့မှ မီဒီယာသမားများနှင့် မြို့တော်ဝန် တွေ့ဆုံရှင်းလင်းမည်ဖြစ်သည်။ Ref: 7 days News Journal

No comments: