Saturday, February 15, 2014
သတိထားရမည့် ကျောက်ကပ် ကင်ဆာ
ကျောက်ကပ် ကင်ဆာသည် အသက်၅ဝ မှ ၇ဝ အကြားတွင် အများဆုံး ဖြစ်ပွား တတ်ပါသည်။ ရောဂါ ဖြစ်ပွားရသော အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ
ပေါင်းစပ်ခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ကျောက်ကပ် ရည်ကြည်အိတ် တည်သော ရောဂါရှိပြီး ကျောက်ကပ် ဆေးနေသော သူများတွင် ကျောက်ကပ် ကင်ဆာ ပို၍ ဖြစ်နိုင်ပါသည်။ အဝ လွန်ကဲသူများနှင့် စီးကရက် သောက်သူများတွင် အများဆုံး ဖြစ်နိုင်ပါသည်။ ကျောက်ကပ် ကင်ဆာမျိုးရိုး ရှိသောသူများ၊ သွေးတိုးရောဂါ ရှိသူများ၊ အကိုက်အခဲပျောက် ဆေးဝါးများကို လွန်ကဲစွာ သုံးစွဲသူများ၊ ဓာတ်ဆီ၊ ကျောက်ဂွမ်း (Asbestos) အဆိပ်ရှိသော ဟိုက်ဒရိုကာဗွန်အရည် (Benzene) နှင့် ကက်ဒ်မီယမ် (Cadmium) များနှင့် ထိတွေ့သူများ တွင်လည်း ကျောက်ကပ် ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်ပါသည်။
ကျောက်ကပ် ကင်ဆာသည် ရောဂါရင့်မှသာ လက္ခဏာ ပေါ်လာတတ် ပါသည်။ ပထမပိုင်းတွင် မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ တခြား ရောဂါများ ဖြစ်ပွားမှုကို စမ်းသပ် စစ်ဆေးခြင်း ဖြင့်လည်း သိရှိ နိုင်ပါသည်။
ကျောက်ကပ် ကင်ဆာတွင် အတွေ့ရများသော လက္ခဏာ သုံးခုရှိပြီး ခါးနာခြင်း၊ ဆီးအတွင်း သွေးပါခြင်းနှင့် ဝမ်းဗိုက်တွင် အလုံးရှိကြောင်း စမ်းသပ်မိခြင်း တို့ဖြစ်သည်။ ကျောက်ကပ် ကင်ဆာ၏ လက္ခဏာ များမှာ ဝမ်းဗိုက်နာခြင်း၊ ဆီးအတွင်း သွေးပါခြင်း၊ ဆီး အရောင်ရင့်ခြင်း၊ ခါးနာခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ပျို့ခြင်း၊ နွမ်းနယ်ခြင်း၊ ညဘက် ချွေးထွက်ခြင်း၊ အအေး မခံနိုင်ခြင်း၊ သွေးအား နည်းခြင်း၊ မျက်စိ အားနည်းခြင်း၊ သွေးနီ ဥများခြင်း၊ ဝမ်းချုပ်ခြင်းနှင့် သွေးတိုးခြင်းတို့ ဖြစ်ပါသည်။ ကျောက်ကပ် ကင်ဆာ၏ အစောပိုင်း အဆင့်မှာ ကင်ဆာ အကျိတ်သည် ကျောက်ကပ် အတွင်းသာရှိပြီး တခြားနေရာသို့ ပျံ့နှံ့မှု လုံးဝ မရှိသေးပါ။ ခွဲစိတ် ကုသခြင်းဖြင့် ၉ဝ ရာခိုင်နှုန်းခန့် ပျောက်ကင်း နိုင်ပါသည်။ သို့ရာတွင် ကင်ဆာ အကျိတ်တစ်ခုလုံးနှင့် အနီးတွင် ရှိသော အသားမျှင် တစ်သျှူးများ အားလုံးကို ဖယ်ရှားမှသာ စိတ်ချ ရပါမည်။ ကျောက်ကပ်မှ တခြား နေရာသို့ ပျံ့နှံ့ပါက ထပ်မံ ခွဲစိတ် ကုသရပါမည်။ ကျောက်ကပ် ကင်ဆာသည် ဆေးသွင်း ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပေး ကုသခြင်းကို ခံနိုင်ရည် ရှိနေပါသည်။
Interleukin-2 Interferon Alpha Biologicနှင့် Targeted ကုထုံးများနှင့် ခုခံမှုစနစ်အားမြှင့်ကုထုံး (Immunotheraphy) များဖြင့် ကုသနိုင်ပါသည်။ အချိုရည် သောက်သုံးခြင်း၊ ပရိုတင်း အသားဓာတ်နှင့် အဆီများသော အစားအသောက်များ စားသုံးခြင်းသည် ကျောက်ကပ် ကင်ဆာနှင့် ဆက်စပ်မှု ရှိပါသည်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ (မုန်လာဥနီ၊ သကြားမုန်လာ) တို့ကို နေ့စဉ် စားသုံး နိုင်ပါက ကျောက်ကပ် ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ် နိုင်ပါသည်။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ တို့သည် လည်း ကာကွယ် ပေးပါသည်။ ကျောက်ကပ် ကင်ဆာ မဖြစ်ပွားအောင် ကာကွယ် ရပါမည်။ ဆေးလိပ်သောက်ခြင်း လုံးဝ မပြုလုပ်ရပါ။ လုပ်ငန်းခွင်တွင် ကျောက်ကပ် ကင်ဆာ ဖြစ်စေသည့် ဓာတုပစ္စည်းများ ထိတွေ့မှုကို ရှောင်ရပါမည်။ အကာအကွယ် ပစ္စည်းများကို အသုံးပြု ရပါမည်။ အဆီနှင့်အငန် ပါဝင်သော အစားအစာများကို လျှော့စား ရပါမည်။ အသီးအနှံနှင့် အရွက်များကို များစွာ စားပေး ရပါမည်။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ပါသော ဆေးဝါးများကို ဆရာဝန် ညွှန်ကြား ထားသည့် အတိုင်း သောက်သုံး ရပါမည်။
ကျောက်ကပ် ကင်ဆာသည် ရောဂါ အစပိုင်းတွင် မည်သည့် လက္ခဏာမျှ ပြသလေ့ မရှိခြင်း ကြောင့် သတိထား ရပါမည်။ မျိုးရိုး လိုက်သော ကျောက်ကပ် ကင်ဆာ ဗီဇရှိသူများသည် မကြာခဏ စစ်ဆေးမှုများ ပြုလုပ် ရပါမည်။ ဓာတ်ဆီ၊ ကျောက်ဂွမ်းနှင့် ဘန်ဇင်းကိုင် သူများ သည်လည်း အကာအကွယ် ပစ္စည်းများ သုံးသင့်ကြောင်း အကြံပြုအပ် ပါသည်။ ။
ဒေါက်တာမြင့်သန်းထွန်း
(ပြည်သူ့ကျန်းမာရေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment