Saturday, May 31, 2014
အောင်မြင်ကျော်ကြားသူတို့၏ ဘ၀သင်ခန်းစာ ၁၂ ချက်
--------------------------------------------------------------------
စဉ်းစားကြည့်မယ်ဆိုရင် မပြောပလောက်စရာ ကိစ္စအသေးအမွှားလေးတွေက လူတစ်ယောက်ကို အမြင့်တစ်နေရာရောက်ဖို့ တားဆီးနိုင်ပါတယ်။ တချို့ဆိုရင် ပညာရေးမှာအားသာတယ်၊ တချို့ဆိုရင် ဘ၀အကျိုးပေးကံကောင်းကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်က စိတ်နှစ်ပြီး ကြိုးစားမယ်ဆိုရင် အရာရာတိုင်းကို ဖြစ်အောင်လုပ်နိုင်ပါတယ်။ အောင်မြင်သူတွေက တခြားသူတွေနဲ့မတူဘဲ ဘာလို့ထိပ်ဆုံးရောက်နေတာလဲဆိုတော့ သူတို့မှာ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အဲဒီစိတ်ဓာတ်ကို ကူညီမစပေးမယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ အစီအစဥတကျ နေထိုင်ကြလို့ပါ။ ဘီလီယံနာ သူဌေးတွေကြည့်မယ်ဆိုရင် ကျွန်မတို့ဖော်ပြမယ့် ဘ၀ရဲ့သင်ခန်းစာ၊ စည်းမျဉ်းစည်းကမ်း (၁၂) ချက်ကို အားလုံးမဟုတ်တောင် အားလုံးနီးပါး လိုက်နာကြတာ တွေ့ရမှာပါ။
၁။ သူတို့တွေက ဇီဇာကြောင်တယ်လို့ပြောရလောက်အောင် စည်းစနစ်ကျကြတယ်။
သူတို့ရဲ့ အိမ်မှာပဲဖြစ်ဖြစ် ရုံးခန်းထဲမှာပဲဖြစ်ဖြစ် အရာအားလုံးက နေရာတကျရှိနေပြီး ရှုပ်ပွနေတာတွေ ကမောက်ကမဖြစ်နေတာတွေကို မတွေ့ရပါဘူး။ အမြဲလိုလို သပ်သပ်ရပ်ရပ်နေထိုင်ကြတယ်။ ဒီလိုသေသပ်ခြင်းက သူတို့ရဲ့အချိန်ကို တန်ဖိုးထားရာ ကျတယ်လေ။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုပျောက်လို့ လိုက်ရှာရင်းနဲ့ အချိန်မကုန်တော့ဘူးပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၂။ နဲနဲပြော၊ များများနားထောင်
သူတို့တွေက ကိုယ်ပြောတာထက် နားထောင်တာက ပိုများပါတယ်။ သူတို့ပြောလာရင်လည်း တိတ်ဆိတ်ခြင်းကို ဖြိုးခွင်းဖို့သက်သက် မဟုတ်ဘဲ တကယ်တန်ဖိုးရှိပြီး အရေးကြီးတဲ့စကားပဲပြောကြပါတယ်။
၃။ သင်ယူနိုင်စွမ်းရှိကြပြီး ရရှိလာတဲ့ ဗဟုသုတတွေကိုလည်း လျှင်မြန်စွာ အသုံးပြုပါတယ်။
စီးပွားရေးမှာ ထိပ်ဆုံးရောက်နေတဲ့သူတွေက စီးပွားရေးအကြောင်းအားလုံး နားလည်မှာပဲလို့ ထင်ကြလိမ့်မယ်၊ ဒါပေမယ့် သူတို့ကအခုထိ မနားတမ်းလေ့လာနေဆဲဆိုတာ သွားကြည့်စရာမလိုအောင် သေချာပါတယ်။ သူတို့က အမြဲတမ်း ကိုယ့်အတွက် အကြံဥာဏ်ကောင်းတွေကို ရှာဖွေနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတဆိုတာ သူတို့အတွက်တော့ အင်အားတစ်ခုဖြစ်နေလို့ပါပဲ။
၎။ ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးလိုက်စားတဲ့ စိတ်နှလုံးရှိကြတယ်။
အောင်မြင်တဲ့သူတွေက ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ကြတယ်၊ ရေကူးကြတယ်၊ အာဟာရမျှတအောင်စားတယ်၊ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ကြပါတယ်။ ကျန်းမာခြင်းက ချမ်းသာခြင်းတစ်ပါးပါပဲဆိုတဲ့ ဆိုရိုးလေးကို လက်ကိုင်ကျင့်သုံးကြလို့ပေါ့။ သူတို့ခန္ဓာကိုယ်နဲ့ စိတ် ကျန်းမာနေခြင်းက သူတို့ကိုအလုပ်တွေ ပြီးမြောက်ဖို့အတွက် ပံ့ပိုးပေးတယ်လေ။
၅။ သူတို့ကဘယ်တော့မှ တစ်ယောက်တည်းမလုပ်ကြဘူး။
အားကစားသမားတစ်ယောက်က နည်းပြတစ်ယောက်တော့ လိုအပ်ပါတယ်၊ သရုပ်ဆောင်ကောင်းတစ်ယောက်ကလည်း ဒါရိုက်တာကောင်းတစ်ယောက် လိုအပ်ပါတယ်၊ ဒီလိုပါပဲ အောင်မြင်ကျော်ကြားသူတို့ကလည်း အလုပ်အားလုံးကို တစ်ယောက်တည်း မလုပ်ပါဘူး။ ကုမ္ပဏီတစ်ခု သို့မဟုတ် အိပ်မက်တစ်ခု ကြီးထွားလာဖို့ လူများများနဲ့ ပေါင်းစည်းလုပ်ကိုင်ခြင်းက အလုပ်တွင်ကျယ်စေတာကို သူတို့သိလို့ပါပဲ။ သူတို့တွေက ဆက်ဆံရေးတွေကို ထိန်းသိမ်းထားကြတယ်။ သူတို့လိုချင်တာကို မြန်မြန်ရနိုင်အောင် ကူညီပေးမယ့် အဖွဲ့အစည်းတွေကို တည်ဆောက်ကြပါတယ်။
၆။ သူတို့မှာ မနာလိုအားကျရမယ့်သူတွေရှိမယ့်အစား စံထားတဲ့သူတွေ ရှိကြပါတယ်။
သူတို့တွေက ဘေးမှာပွင့်နေတဲ့ပန်းနဲ့ မယှဉ်ပြိုင်ဘဲ ပွင့်နေတဲ့ ပန်းလေးတွေနဲ့တူပါတယ်။ သူတို့တွေက မနာလိုအားကျခြင်းကင်းတဲ့ ဘ၀မှာ နေထိုင်ဖို့ ရွေးချယ်ပါတယ်။ သူတို့မှာ စံထားတဲ့သူတွေတော့ ရှိကောင်းရှိနိုင်ပါတယ်၊ သူတို့ဦးတည်ချက်ကိုက ဘဝမှာ သူတို့လိုချင်တာတွေ ရရှိပိုင်ဆိုင်ဖို့ပါပဲ။ အခြားသူတွေပိုင်ဆိုင်ထားတာတွေကို သူတို့စိတ်ကူးထဲမထည့်ထားကြပါဘူး။
၇။ မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုဟာ ဆုံးဖြတ်ချက်ကင်းမဲ့သောဘဝထက် ပိုကောင်းတယ်လို့ ယူဆကြတယ်။
သူတို့တွေဆီက သင်ယူသင့်တာကတော့ ဘယ်တော့မှ ဆုံးဖြတ်ချက်တစ်ခုချဖို့ ၀န်မလေးတတ်ခြင်းပါပဲ။ အောင်မြင်နေတဲ့လူတွေအားလုံးက ပြတ်သားကြပါတယ်။ သူတို့ချမှတ်ထားတဲ့စည်းကမ်းက ဆုံးဖြတ်ချက်တစ်ခု မချနိုင်ဖြစ်နေမယ့်အစား မှားရင်မှား ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပါပဲ။
၈။ အောင်မြင်ကျော်ကြားသူတွေက အလွန်အသေးစိတ်တဲ့ စီမံကိန်းချမှတ်သူတွေပါ။
အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် သူတို့တွေက စနစ်တကျလုပ်တတ်ကြတယ်။ ဒိုင်ယာရီတွေ၊ စားရင်းတွေ၊ အချိန်ဇယားတွေနဲ့ တိတိကျကျ ရေးမှတ်တယ်၊ သူတို့ပန်းတိုင်သို့မဟုတ် တနေ့တာအလုပ်ပြီးဆုံးအောင်မြင်အောင် အရာရာတိုင်းကို သတိရှိရှိကိုင်တွယ်ထားကြတယ်။
၉။ သူတို့လိုချင်တာတစ်ခုကို အားကြိုးမာန်တက် ဆွတ်ခူးရယူနိုင်သူတွေဖြစ်ကြတယ်။
သူတို့တွေက အလုပ်လုပ်တာပဲဖြစ်ဖြစ် ကစားပွဲတစ်ခုကစားတာပဲဖြစ်ဖြစ် အားကုန်စိုက်ထုတ်ပြီးလုပ်တတ်ကြတယ်။ “လုပ်မယ့်လုပ်တော့ အကောင်းဆုံးဖြစ်အောင်လုပ်” ဆိုတဲ့ဆိုရိုးအတိုင်းနေထိုင်သူတွေပါ။ ဒါကြောင့်လည်း အောင်မြင်သူတို့ ပတ်ဝန်းကျင်မှာ သူတို့အဆင်ပြေနေတဲ့နေရာကနေ မြင့်တင်ပေးနိုင်မယ့် နည်းပြတွေ၊ ဆရာသမားတွေ ၀ိုင်းရံနေတာပါ။ အဆင်ပြေတဲ့ comfort zone မှ လွတ်ထွက်ရုန်းကန်နိုင်ခြင်းကသာလျှင် အောင်မြင်မှုရနိုင်မယ်ဆိုတာ သိထားကြတယ်လေ။
၁၀။ တခြားသူတွေရဲ့သူတို့အပေါ်ထင်မြင်ချက်တွေကို ဂရုမစိုက်တတ်ကြဘူး။
အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ ယုံကြည်ကြတယ်။ သူတို့ထည့်တွက်တဲ့ ဝေဖန်ပြောဆိုမှုက ကိုယ့်ကိုယ်ကို ဝေဖန်ပြောဆိုခြင်းပါပဲ။ ဒါကို မောက်မာတယ်လို့ ပြောလို့မရပါဘူး။ သူတို့တွေကိုက ကြမ်းတမ်းပြင်းထန်တဲ့ ကိုယ့်ကိုယ်ကို ဝေဖန်တတ်တဲ့ ဝေဖန်ရေးသမားတွေဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီဝေဖန်ချက်တွေကြားမှာ သူတို့လမ်းကြောင်းပြောင်းလဲသွားမှာကိုတော့ ခွင့်မပြုကြပါဘူး။
၁၁။ ခြင်းတစ်ခြင်းထဲမှာပဲ ကြက်ဥတွေအားလုံးကို မထည့်ကြပါဘူး။
အောင်မြင်သူတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဘဝစည်းမျဉ်းတစ်ခုကတော့ မြစ်ရဲ့အတိမ်အနက်ကို ဘယ်တော့မှ ခြေနှစ်ချောင်းလုံးနဲ့ မစမ်းသပ်ပါဘူး။ သူတို့တွေက စွန့်စားလုပ်ဆောင်သူတွေတော့ ဟုတ်ကြပါတယ်၊ ဒါပေမယ့် သူတို့ စွန့်စားလိုက်ရမယ့်အရာတွေကိုတော့ အရင်ချိန်ဆတတ်ကြတယ်။ သူတို့အလုပ်တွေကို ဖြန့်ကျက်ထားပြီး တစ်ခုမှာရှုံးနှိမ့်ရင် လုံးဝကျရှုံးမသွားအောင် ကြိုတင်ပြင်ဆင်ထားတတ်ကြတယ်။
၁၂။ ရိုးသားခြင်းကိုတန်ဖိုးထားတတ်ပေမယ့် သူတပါးဆီက ရိုးသားခြင်းကို မမျှော်လင့်ကြဘူး။
အောင်မြင်ကျော်ကြားသူတွေက သူတို့ကိုယ်တိုင်ရိုးသားကြပေမယ့် လူတိုင်းကိုတော့ ရိုးသားတယ်လို့မယူဆပါဘူး။ အမှန်တကယ် ရိုးသားတဲ့သူ တွေ့ရင်လည်း ရိုသေလေးစားတန်ဖိုးထားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ထက် ဘယ်သူ့ကိုမှ မယုံကြည်ကြပါဘူး။ ဒါကလည်း ဝမ်းနည်းစရာကောင်းတဲ့ လူ့သဘာဝတစ်ခုပဲလေ။
Credit to Gandawin
K.K(ကနောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment