Saturday, May 3, 2014
Toyota Probox 2NZ-FE VVT-i 1300 cc နှင့်
1NZ-FE VVT-i 1500 cc ကားရှင်များနှင့် အမေး အဖြေ ကဏ္ဍ...
မေး။ အစ်ကိုရေ ခုတစ်လော ပရိုဘောက်တွေ မီးလောင်နေတာဟာ...
ဘာကြောင့်ပါလဲ?
ဖြေ။ ကျွန်တော်ဒီပေ့စ်မှာရော အော်တိုမိုဘိုင်းစာစောင်မှာပါ ရေးထားတာ...
နည်းနည်းကြာပါပြီခင်ဗျာ...အပြည့်အစုံကတော့ပေ့စ်မှာ ဝင်ဖတ်နိုင်ပါတယ်...
အကျဉ်းချုပ်အနေနဲ့ကတော့...အောက်က (၃) ချက်ပါဗျာ...
(၁)Catalytic Converter တွင်ကာဗွန်မှုန့်များ ပိတ်သောကြောင့်ပါ...ကျွန်တော်တို့ဆီမှာကားဆွဲအနည်းငယ်ကျကာ Catalytic Converter ပိတ်သည်ဟု ယူဆသော ကားများကို ညအချိန်တွင် လေးချောင်းထောက် ကားမသည့်စင်ပေါ်တင်၍ Converter ပိတ်/မပိတ်ကို ကျွန်တော်တို့သည် စမ်းကြည့်နေကျဖြစ်ပါတယ်...စင်ပေါ်တင်ကာစမ်းရာတွင် Converter ပိတ်သောကားများမှာ ကားစက်နိုးကာ အင်္ဂျင်အပတ်ရေ ၁၅၀၀ မှ ၂၀၀၀ အကြားနင်းထားချိန်တွင် ၁၅ မိနစ်ကျော်လျှင် Catalytic Converter နေရာမှစကာ ရှေ့အင်္ဂျင် Exhaust Manifold အိတ်ဇောပိုက်နေအထိ တောက်လျှောက် မီးသွေးတုံးမီးဖုတ်ထားသကဲ့သို့ ရဲလာသည်ကို တွေ့ရပါတယ်... ထိုအပူချိန်သည် ဓါတ်ဆီ၊ ဆီငွေ့တင်သာမက အဝတ်စ ပလပ်စတစ် ကော် အမှိုက်ဘာကျကျ မီးလောင်နိုင်သောအပူချိန်ပါ...ပရိုဘောက်ကားများမှာ ပျှမ်းမျှသက်တမ်း အားဖြင့် ၁၀ နှစ်ကျော်နေပြီး မသန့်သော ဆီများထည့်ကာမောင်းနှင်မိပါက ကာဗွန်မီးခိုးအမှုန်များ ပိုမိုထွက်လာကာ Catalytic Converter ပိတ်ရန် အကြောင်းအရင်းများပါတယ်ခင်ဗျာ...
(၂)Catalytic Converter ပိတ်သောအကျိုးဆက်ကြောင့် ၁၃၀၀နဲ့ ၁၅၀၀အင်္ဂျင်မှာ အိတ်ဇောငွေ့များကို ပိုမိုတွန်းထုတ်ကာ အလုပ်လုပ်ရသောကြောင့် ရေအပူချိန်အလွန်အမင်းမြင့်မားလာကာ ရေဆူ၍ အင်္ဂျင်နှင့် အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာသောကြောင့်ဖြစ်ပါတယ်...ပရိုဘောက်ကားများမှာ.. ဒိုင်ခွက်အတွင်းတွင် ရေအပူချိန်ပြ မီတာမှာမပါရှိဘဲ ရေမီတာအစား ရေအပူချိန်ကို ပြဒါးတိုင်ပုံစံ မီးအပြာရောင် အနီရောင်ဖြင့်သာ ပြပါတယ်...ရေအေးနေချိန်တွင် အပြာရောင်ထွက်လာပြီး ပုံမှန်အပူချိန်တွင် ဘာမှမပြကာ ရေအပူချိန်မြင့်မားလာချိန်တွင် အနီရောင်မီးလေးဖြင့် သတိပေးပါသည်။ထိုမီးလေးမှာ ယာဉ်မောင်းနှင်နေချိန်တွင် စီယာတိုင်ဂွေဖြင့် ကွယ်နေတတ်ကာ သတိထား၍ ဂရုစိုက်ကြည့်မှသာ မြင်ရတာပါ... တောင်တက်လမ်းနှင့် ဟိုက်ဝေးလမ်းမများပေါ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေချိန်တွင် ထိုမီးကို ခဏ ခဏ ငုံ့ကြည့်ရန် ခက်ခဲကာ မိမိအန္တာရယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်ပါနေမှာပါ... နောက်တစ်ချက်ရေဆူ နိုင်သော အကြောင်းရင်းမှာ ၁၃၀၀ အင်္ဂျင်နှင့်မမျှအောင် လူနှင့်ဝန်များတင်၍ ရုန်းရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ Catalytic Converter မပိတ်ဘဲ သာမန်ရေဆူချိန်တွင် ရေအပူချိန်မီးကို သတိမပြုမိ၍ ဆက်မောင်းပါက ကွန်နတင်း၊ ကရိုင်း ဘယ်ရင်များသာ ပျော်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။အထက်ဖော်ပြပါ အချက်နှစ်ချက်ဖြင့် လည်းပရိုဘောက်ကား ရုတ်တရက် ဟုန်းကနဲ မီးထမလောင်နိုင်သေးပါဘူးခင်ဗျာ...
(၃)မီးလောင်နိုင်စေရန် တတိယအချက်မှာ Catalytic Converter ပိတ်၍ အင်္ဂျင် အပူချိန်အလွန်အမင်း မြင့်မားကာရေဆူ၍ အင်္ဂျင်ခန်း အပူချိန်လွန်ကဲလာ ချိန်တွင် သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သော Pressure Fuel Pump ရာဘာပိုက်မှာ အပူချိန်လွန်ကဲသောကြောင့် ရုတ်တရက် ပေါက်ကွဲခြင်း(သို့) ဆီယိုစိမ့်ခြင်းဖြစ်ကာ ရုတ်တရက်ဟုန်းကနဲ မီးလောင်ရန်မှာ အဖြစ်နိုင်ဆုံး ဖြစ်နိုင်ပါတယ်...ထို Pressure Pump ဆီပိုက်များကို အသစ်လဲရာတွင် တော်ရုံကောင်းမွန်သော ပိုက်ကလစ်ဖြင့် ထည့်ကြပ်သည့်တိုင် ဆီတွန်းကန်အား များလွန်းသဖြင့် ဆီယိုစိမ့်တတ်သောကြောင့် ပိုက်ကလစ် အကောင်းစားများ ထည့်ကာ ကြပ်ရသဖြင့် ဆီတွန်းအားများ မများကို ခန့်မှန်းလို့ရပါတယ်ဗျာ... ပရိုဘောက်ကားများတွင် ပိုက်ဆက်ကို O Ring နှင့် ကော်ကလစ်ကို အသုံးပြုထားတာပါ...ဆီပိုက်ပေါက်လျှင်(သို့) ယိုစိမ့်လျှင် ကားမောင်းမရသည်မှာ မှန်သော်လည်း ဆီအပြင်သို့ ထွက်ချိန်နှင့် မီးလောင်ချိန်မှာ တစ်ချိန်တည်းဖြစ်ကာ ထိုအချက်ကို သတိပြုမိရန် အလွန်ခက်ခဲပါတယ်...အဲ့လို အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာချိန်တွင် ဆီ ဆီငွေ့ ရှိသော မည်သည့်နေရာမှမဆို မီးလောင်နိုင်ပါတယ်ဗျာ...
မေး။ ဟုတ်ကဲ့ မဖြစ်အောင် ဘာတွေ ကာကွယ်သင့်ပါသလဲ ?
ဖြေ။ ကာကွယ်ရန်အချက်များကတော့...
(၁) Catalytic Converter ကိုဖြုတ်၍ ရေအားပြင်းသောရေပန့်ဖြင့်ထိုးကာ လေအားပြင်းပြင်ဖြင့် မှုတ်လျှင် လုံးဝနီးပါး ပိတ်နေခြင်းမှ သက်သာလာမည် ဖြစ်ပါသည်။သို့သော် အသစ်ကဲ့သို့တော့ ပွင့်မည်မဟုတ်ပါ။ကျွန်တော်တို့ဆီတွင် Catalytic Converter ပိတ်ပါက အသစ်ဖြတ်လဲပါတယ်...အသစ်သည် အနည်းဆုံး (၅)နှစ်ကျော်တော့ သုံးနိုင်ပါတယ်... Catalytic Converter ကိုလုံးဝ ဖြုတ်မထုတ်သင့်ပါ။Catalytic Converter မရှိပါက မီးခိုးငွေ့များသည် အပြင်သို့ တိုက်ရိုက်ရောက်သွားသောကြောင့် ယာဉ်ထူထပ်သော မြို့ကြီးများတွင် လေထုညစ်ညမ်းစေလို့ပါ...
(၂)အင်္ဂျင်ရေအပူချိန်တက်ကာ ရေဆူခြင်းမှ ကာကွယ်နိုင်ရန် Thermostart သာမိုစတတ်များးကို စစ်ဆေးကာ မကောင်းလျှင် အသစ်လဲခြင်း၊ ရေတိုင်ကီနှင့် ရေပိုက်လိုင်းများ ယိုစိမ့်မှု့ရှိမရှိ မကြာမကြာစစ်ခြင်း၊ ရေတိုင်ကီတွင် Toyota coolant ဆေးရည်ကိုသာ သတ်မှတ်အချိန်အဆအတိုင်း ထည့်သုံးခြင်း၊ (ရေတိုင်ကီ Toyota coolant သည် အခြားပြင်ပထုတ် coolant များဖြစ်သော အစိမ်းနှင့် အပြာရောင်တို့နှင့်ရေသုံးက ရေအပူချိန်တက်စေပါသည်) ရေတိုင်ကီအောက်ဘက် ဘယ်/ညာ နှစ်ဘက်တွင် Cooling Fan အထိုင်နှင့် ရေတိုင်ကီကြားတွင် ကျွတ်စခံကာ ရေတိုင်ကီပန်ကာအုံအထိုင်နှင့် ရေတိုင်ကီ ရိုက်ကာ ရေတိုင်ကီပေါက်ခြင်းမှ ကာကွယ်ထားခြင်း၊ (ရေတိုင်ကီ ပန်ကာ အထိုင်နတ်သည် အပေါ်တွင် ၂ လုံးပါပြီး အောက်ဘက်တွင် အလည်တွင် တစ်လုံးတည်းထည့်ထားသောကြောင့် ရေပြန်ဗူးထည့်ထားသော ဘယ်ဘက်အောက်အခြမ်းသည် ပန်ကာအထိုင်နှင့် ရေတိုင်ကီ ပိုက်လိုင်းရိုက်နေကာ ပိုက်လိုင်းပေါက်တတ်ပါသည်)
(၃)ရေအပူချိန်ပြမီးသည် မောင်းနှင်နေချိန်တွင် ကြည့်ရန်ခက်ခဲသောကြောင့် ဒက်ဘုတ်ပေါ်တွင် ရေမီတာဒိုင်ခွက်တစ်ခု တပ်ဆင်ထားသင့်ပါတယ်... ရေမီတာဒိုင်ခွက်သည် ရေအပူချိန်အာရုံခံဆင်ဆာနှင့် အတွဲလိုက်ရောင်းသည်ကို ဝယ်မှသာ မီတာမှန်ပါတယ်...ထိုအပိုမီးခေါင်းကို အင်္ဂျင်အပေါ်ရေပြန်ပိုက်နားတွင် ထည့်ဆင်ရမည်ဖြစ်ကာ မီတာတစ်ခုသာဝယ်၍ ECM ကွန်ထရိုးဘေက်သို့ ဝင်သော ရေအပူချိန်ဆင်ဆာမီးကြိုး THW မှ လုံးဝဖောက်မယူလို့မရပါဘူး...
(၄)ပျှမ်းမျှ သက်တမ်း ၁၀ နှစ်ကျော်နေသော အင်္ဂျင် Injector ဆီပိုက်ကို ကုမ္ပဏီမှ အသစ်မှာယူ၍ လဲလှယ်သင့်ပါသည်။ပြည်တွင်းမှပစ္စည်းဖြင့်လဲလှယ် လျှင်လည်း အမျိုးအစားကောင်းသော High Pressure Fuel pipe ဖြင့်သာလဲလှယ်သင့်ကြောင်း အကြံပေးချင်ပါတယ်...
(၅)ရှေ့စက်ခန်းဖုံးကို မဟထားဘဲ ကျအောင်ပိတ်စေချင်ပါတယ်...
လေကာမှန်နားက စက်ဖုံးဒေါက် ဘယ်ညာ နှစ်ဘက်မှာရှိတဲ့...
12 နတ်လေးလုံးကြားမှာ ဘရိတ်အောက်အိုး ပစ္စတင်လေးတွေခံပြီး...
စက်ဖုံးနောက်ဖက်မှာ အနည်းငယ် ဟဖွင့်ပြီး ထားသင့်ပါတယ်...
ကျွန်တော်တို့ဆီကအင်္ဂျင်တစ်အားပူအောင်မောင်းရတဲ့...
Sport ကားတွေ...Big Turbo ထည့်ထားတဲ့ကားတွေ အပူချိန်သက်သာတဲ့အောင် အဲ့လိုစက်ဖုံးနောက်ကို အနည်းငယ်ဟပြီး ဖွင့်ထားတတ်ကြပါတယ်...အင်္ဂျင်ခန်းကလေပူတွေက ဟထားတဲ့နေရာကနေ
အမြဲထွက်နိုင်တာမို့...အင်္ဂျင်အပူ သက်သာစေပါတယ်...
မေး။ ခုနက ပြောတဲ့အထဲမှာ Catalytic Converter မဖြုတ်သင့်တာ...
လေထု ညစ်ညမ်းမှု့တစ်ခုတည်းကြောင့်လား ?
ဖြုတ်ထုတ်လိုက်ရင်ရော ECM(Engine Control Module box) ကိုရောထိခိုက်
စေနိုင်ပါသလား...
ဖြေ။ ဟုတ်ကဲ့ လေထု ညစ်ညမ်းမှု့တစ်ခုထဲအတွက်ပါ...
ECM မထိခိုက်ပါဘူးဗျာ...ဘာဖြစ်လို့လဲဆိုတော့ပရိုဘောက်...
1/2 NZ - FE VVT-i ...
စနစ်မှာ O2 Sensor က ... OXygen ရာခိုင်နှုန်းကိုသာဖတ်ပြီး...
Catalytic Converter အလုပ် လုပ်/မလုပ် ဖတ်တဲ့ ဆင်ဆာမပါလို့ပါ...
မေး။ ဒါဆို Catalytic Converter ဖြုတ်ထုတ်လိုက်ရင်...
ECU(Engine control unit)စနစ် မထိခိုက်ဘူးပေါ့...
ဖြေ။ မထိခိုက်ပါဘူးဗျာ...
မေး။ ဒါဆို Catalytic Converter ဖြုတ်ထုတ်သင့်ပါသလား...
ဖြေ။ ဒီမေးခွန်းမေးရင်တော့ ကျွန်တော်တိုက်ရိုက်မဖြေနိုင်ပါဘူး...
ဘာဖြစ်လို့လဲဆို တစ်ချိန် ရန်ကုန် မန်လေးစတဲ့ မြို့တွေ အပူချိန်လွန်ကဲတာတို့...
မျက်လုံးစပ်...လည်ချောင်းနာတွေဖြစ်လာကြရင် အဖြေမှားတဲ့ ကျွန်တော်မှာ...
တာဝန်ရှိတဲ့အပြင် အဆင်မသင့်ရင် တရားစွဲတောင်ခံရနိုင်ပါသေးတယ်...
ပရိုဘောက်ကားပိုင်ရှင်နဲ့ 2NZ FE VVT- i ကားရှင်တွေကိုလည်း...
ကိုယ်ချင်းစာမိပါတယ်...ကားလည်းမီးလောင်ခံရသေး...
အမှု့လည်းအဖွင့်ခံရသေးဆိုတော့...ဒုက္ခသံသရာက ဂျာအေးသူအမေရိုက်သလို
မုန့်လုံးစက္ကူ ကပ်နေတာလည်း မမြင်ချင်ပါဘူး...
Catalytic Converter ဖြုတ်ထုတ်လိုက်ရင်...
ကားတော့ မီးဘေးအန္တာရာယ်တော်တော်ကင်းသွားမယ်...
ပတ်ဝန်းကျင်လေထုကတော့ ညစ်ညမ်းမယ်....
ဒါကြောင့် ပရိုဘောက်နဲ့ 2NZ FE VVT- i ကားပိုင်ရှင်တွေသာ...
ဆုံးဖြတ်ပါ...ကျွန်တော် ဘာမှမပြောလိုပါဘူး...
ဒီစကားဟာ တရားခွင်စကားနဲ့ဆို နိမိတ်ပြစကားမဟုတ်တဲ့အကြောင်းလည်း...
ကြိုတင်ပြောထားချင်ပါတယ်...ကျွန်တော်သိတာ အသိပညာပေးယုံပါ...
သုံးသပ်ပြယုံပါ...Catalytic Converter နဲ့ ပတ်သက်လို့...
ဖြုတ်ပါ...မဖြုတ်ပါနဲ့လို့ ကျွန်တော်မပြောပါကြောင်းထပ်မံပြောကြားလိုပါတယ်...
မေး။ ဒါက ပြဿနာ တစ်ခုခုဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ထားတဲ့သဘောလား?
ဖြေ။ ဟုတ်ပါတယ်...ဒီအဖြေတွေဟာ တစ်ချိန်
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပြဿနာ တစ်ခုခုဖြစ်နိုင်တာကြောင့်
ကျွန်တော် ဘာမှ မတိုက်တွန်းပါဘူး...ကားရှင်တွေသာဆုံးဖြတ်ရမယ့်အဖြေပါ...
မေး။ နောက်ထပ်ဘာများ ထပ်မံပြောချင်ပါသေးလဲခင်ဗျာ...
ဖြေ။ တစ်ခုတော့ ပြောစရာရှိပါတယ်...VVT- i(Variable Valve Timing and intelligence system)
အင်္ဂျင်များ၏... VVT စနစ်အလုပ်လုပ်ပုံမှာ အင်္ဂျင် Camshaft ကင်းမရှပ်တွင် VVT Pulley ပါရှိပြီး ထိုပူလီအတွင်းတွင် Helical Spline များကို Lock pin ဖြင့်ထိန်းချုပ်ထားကာ Carkshaft Position Sensor, VVT Sensor, Throttle Position Sensor, Mass Air Flow Sensor, Vehicle Speed Sensor, Coolant Temp Sensor, O2Sensor တို့မှ ပေးပို့သောအချက်အလက်များကို ECM(Engine Control Module Box) မှ OCV(Oil Control Valve) သို့ပေးပို့ပြီး OCV နှင့် VVT ပူလီတို့မှ အင်္ဂျင်၏လိုအပ်ချက်အရ ကင်းမရှပ်မှတစ်ဆင့် အင်းတက် ဘားတိုင်ပင်ကို အနည်းငယ်မျှ လိုအပ်သလို အတိုး အလျော့လုပ်ကာ ထိန်းချုပ်ပေးတာမို့...
VVT- i အင်္ဂျင်တွေကို အနိမ့်ဆုံး Semi Synthetic Engine Oil ကိုသာ...
သုံးစေချင်ပါတယ်ဗျာ...
မေး။ ခုလို သေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်...
ဖြေ။ ကျွန်တော်ကလည်း အများသိအောင်ရှင်းပြရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာကြပါစေခင်ဗျာ...
Toetar Atoe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment