Saturday, March 22, 2014
တစ်ခါတုန်းက အာဖရိကမှာရှိတဲ့ လယ်သမားတစ်ဦးဟာ ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲတယ်။ သူဟာ တင်းတိမ်ရောင့်ရဲတဲ့အတွက်ကြောင့် ပျော်ရွှင်ရတယ်။ ပျော်ရွှင်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲရတယ်။
တစ်နေ့မှာတော့ ပညာရှိတစ်ဦး သူ့ဆီရောက်လာပြီး စိန်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စွမ်းအားတွေအကြောင်း ပြောပြပါတယ်။
“ခင်ဗျား လက်မအရွယ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင် ခင်ဗျားကိုယ်ပိုင်မြို့တစ်မြို့ ရနိုင်ပါတယ်။ ခင်ဗျား လက်သီးဆုပ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင်တော့ ခင်ဗျားကိုယ်ပိုင်နိုင်ငံ ရနိုင်ကောင်းပါတယ်” အဲဒီလိုပြောဆိုပြီး ပညာရှိကြီးက ထွက်ခွာသွားပါတယ်။
အဲဒီညမှာပဲ လယ်သမားဟာ အိပ်မပျော်ဖြစ်လာတယ်။ သူဟာ မပျော်မရွှင် ဖြစ်လာသလို တင်းတိမ်ရောင့်ရဲမှုလည်း မရှိတော့ပါဘူး။ သူဟာ တင်းတိမ်ရောင့်ရဲခြင်း မရှိတဲ့အတွက် မပျော်မရွှင်ဖြစ်ရတယ်။ မပျော်မရွှင် ဖြစ်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ ဖြစ်ရတယ်။ နောက်တစ်နေ့မှာတော့ သူဟာ သူရဲ့လယ်ယာကို ရောင်းချဖို့၊ သူ့မိသားစုကို ဂရုစိုက်ဖို့၊ စိန်တွေကိုရှာဖွေဖို့ အစီအစဉ်တွေ ပြုလုပ်ပါတယ်။
သူဟာ အာဖရိကတစ်ခွင် လှည့်လည်သွားလာပြီး ရှာဖွေပေမယ့် စိန်တစ်ပွင့်လောက်တောင်မှ မတွေ့နိုင်ခဲ့ပါဘူး။ ဥရောပတိုက်တစ်ခွင်သွားပြီး ရှာပေမယ့်လည်း မတွေ့ရပြန်ဘူး။ စပိန်ပြည်ကို သူရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရသလို၊ ငွေလည်း သိပ်မကျန်တော့ပါဘူး။ သူဟာ အလွန်အမင်း စိတ်ဓာတ်ကျဆင်းသွားတဲ့အတွက်ကြောင့် ဘာစီလိုနာမြစ်ထဲဆင်းပြီး သတ်သေလိုက်ပါတယ်။
သူ့အိမ်မှာတော့ သူ့လယ်မြေကို ဝယ်ယူခဲ့တဲ့သူဟာ လယ်ကွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ကုလားအုတ်တွေကို ရေလောင်းပေးနေပါတယ်။ နေရောင်ခြည်ဟာ စမ်းချောင်းကိုဖြတ်သန်းပြီး ကျောက်တုံးတစ်တုံးပေါ် ကျရောက်တဲ့အခါ အဲဒီကျောက်တုံးကနေ သက်တံရောင်စဉ်တန်းလို အရောင်ဖြာထွက်လာပါတယ်။ သူဟာ ကျောက်တုံးကိုကောက်ပြီး ဧည့်ခန်းဆောင်မှာ ထားလိုက်ပါတယ်။
အဲဒီနေ့ခင်းမှာပဲ ပညာရှိကြီး ရောက်လာပြီး အရောင်ဖြာထွက်နေတဲ့ ကျောက်တုန်းကို တွေ့မြင်မိပါတယ်။ သူဟာ ယခင်လယ်ပိုင်ရှင်အကြောင်း မေးမြန်းစုံစမ်းတယ်။ လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မသိဘူးဗျ။ ဘာဖြစ်လို့ မေးတာလဲ။”
ပညာရှိကြီးက ပြောလာပါတယ်။ “ဒီကျောက်တုံးက စိန်ပါ။ ကျွန်တော်ဟာ စိတ်တစ်တုံးကို တွေ့မြင်တဲ့အခါ စိန်ဟုတ်မဟုတ် သိပါတယ်”
လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မဟုတ်လောက်ဘူးဗျ။ ဒီကျောက်တုံးကို စမ်းချောင်းထဲကနေ ကောက်ယူလာတာပါ။ လိုက်ခဲ့ဗျာ။ ခင်ဗျားကို ကျွန်တော်ပြပါမယ်။ အဲဒီကျောက်တုံးမျိုးတွေ အများကြီး ရှိပါသေးတယ်”
သူတို့နှစ်ဦး စမ်းချောင်းဆီသွားပြီး နမူနာ ကျောက်တုံးတွေကို ကောက်ယူကာ စိန်ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးစေပါတယ်။ အဲဒီကျောက်တွေဟာ တကယ့်စိန်တွေ ဖြစ်နေပါတယ်။ တကယ်တော့ လယ်မြေတစ်ခုလုံးဟာ စိန်ဧကပေါင်းများစွာနဲ့ ဖုံးလွှမ်းနေကြောင်း သူတို့ တွေ့ရှိခဲ့ပါတော့တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment