Saturday, March 22, 2014
အိန္ဒိယနိုင်ငံတွင် ယခုအချိန်ထိ ကိုးကွယ်နေဆဲဖြစ်သော
ဂျိန်းဘာသာနှင့် ဂျိန်းဘုရား မဟာဝီရအကြောင်းသိကောင်းစရာ
======================
ဂျိန်းဘုရား မဟာဝီရသည် ၀ဇ္ဇီတိုင်း၊ ဝေသာလီမြို့၊ လိစ္ဆ၀ီမင်းမျိုးမှ မင်းသား တစ်ပါးဖြစ်သည်။
မဟာဝီရကို ၀ဇ္ဇီတိုင်း၊ ဝေသာလီမြို့အနီး ကုဏ္ဍိကရွာတွင် မခင်ဦးနာဋ္ဋ၊ မိခင်ဒေါ်တရိရှလတို့မှ မီးရှုသန့်စင် ဖွားမြင်သည်။ ငယ်နာမည်မှာ နာဋ္ဋ၏သားဖြစ်သောကြောင့် ‘နာဋ္ဋပတ္တ’ဖြစ်၏။ နိဂဏ္ဍဂိုဏ်းသို့ ၀င်ရောက်လာသောအခါ နိဂဏ္ဍ ဟုလည်းထပ်၍ အမည်ရပြန်သည်။ ထို့ကြောင့် သူ့ကို အများအားဖြင့် နိဂဏ္ဍနာဋ္ဋပုတ္တ ဟုပင်ခေါ်ကြသည်။
မဟာဝီရ၏ မိခင် ဒေါ်တရိရှလသည် ဝေသာလီပြည်၊ လစ္ဆ၀ီမင်းသား ဦးဆေတက ၏ နှမဖြစ်ပြီး ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ဒေါ်ဆေလန ၏ ညီမလည်းဖြစ်သည်။
မဟာဝီရသည် နှမ၀မ်းကွဲတော်စပ်သူနှင့် အိမ်ထောင်ပြုပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ထို့နောက် အိမ်ထောင်ကို စွန့်၍ အသက် (၃၀)အရွယ်တွင်တောထွက်ခဲ့သည်။တောထွက်သည့်အခါနိဂဏ္ဍ
ဂိုဏ်းဝင်ဘုန်းကြီးများကဲ့သို့ပင် အ၀တ်မ၀တ်ဘဲကျင့်ခဲ့သည်။
နိဂဏ္ဍဂိုဏ်းသားတို့၏ ကျင့်စဉ်ဖြစ်သော အဟိံသစသောအကျင့်များကို (၁၂)နှစ်ကြာကျင့်ကြံအားထုတ်ခဲ့သည်။ မဟာဝီရသည် နိဂဏ္ဍခေါင်းဆောင် သေပြီးနောက် နိဂဏ္ဍခေါင်းဆောင် ဘုရားအဖြစ်နှင့် ကိလေသာငြိမ်းကြောင်းနှင့် အောင်မြင်ရေးတရားများကို ဟောပြခြင်းကြောင့် ‘ဂျိနဗုဒ္ဓ-ဂျိန်းဘုရား မဟာဝီရ’ ဟူ၍ ကျော်ကြားထင်ရှားလာခဲ့သည်။
ဂျိန်ဒ၀ါဒသည် ဗုဒ္ဓ၀ါဒနှင့် အတူပေါ်ထွန်းခဲ့သည်ဟု စာပေများတွင်ဖော်ပြကြသည်။ သို့ရာတွင် ဂျိန်းဝါဒ သုတေသီများက ဂျိန်းဝါဒသည် ဗုဒ္ဓ၀ါဒမတိုင်မှီကတည်းကပင် ပေါ်ထွက်ခဲ့သော ၀ါဒဖြစ်၍ ဂျိန်းဘုရားများ အများအပြားပင်ရှိခဲ့သည်ဟု ဆိုကြသည်။ ဂျိန်းဂိုဏ်း၌ ဂျိန်းဆရာပေါင်း (၂၄)ဦးရှိပြီး ပထမပုဂ္ဂိုလ်မှာ ‘ရသဘဒေ၀’ ဖြစ်သည်။ နောက်ဆုံးပုဂ္ဂိုလ်မှာ ဘီစီ (၆)ရာစုတွင်ဗုဒ္ဓနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သူ ဂျိန်းဘုရား မဟာဝီရပင်ဖြစ်သည်။
မဟာဝီရသည် ဂျိန်းဝါဒ၊ ဂျိန်းဘာသာကို စတင်တည်ထောင်ခဲ့သူတော့ မဟုတ်ပေ။ သူ့ဆရာ ပရရှ်ဝနာထ်(Parshvanath) တည်ထောင်ခဲ့သော ၀ါဒဖြစ်သည်။ ပရရှ်ဝနာထ်သည် သူနှင့် သူ့တပည့်ဘုန်းကြီးများအား အ၀တ်သင်္ကန်းကို ၀တ်ရုံရန်ခွင့်ပြုခဲ့သည်။ သို့သော် မဟာဝီရသည် ဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ဖြစ်လာသောအခါ ရှေးဟောင်း နိဂဏ္ဍ (နှောင်ကြိုးကင်းပြီးသူ) ဂိုဏ်းကိုပြန်လည် အသက်သွင်းပြီး သူ့တပည့်ဘုန်းကြီးများကို အ၀တ်သင်္ကန်း လုံးဝ မ၀တ်ရန် အမိန့်ထုတ် ပညတ်လိုက်သည်။
ထို့ပြင် သံသရာမှ လွတ်မြောက်အောင်အတွက် ဒုက္ခခံရမည်ဟုဆိုကာ ‘အတ္ထကိလာမထနုယောဂ’(ခန္ဓာကိုယ်ကို ညှင်းပန်းနှိပ်စက်သော) အကျင့်များကို ကျင့်ဖို့ဟောကြားပြီး ခန္ဓာကိုယ်ကို ညှင်းဆဲမှ ကိလေသာတဏှာစိတ်များ ကင်းပြတ်၍ ချမ်းသာစွာနေရမည်ဟု ဟောကြားသည်။ ဒုက္ခတထောင်ကျင့်လျှင် ကံဟောင်းတထောင် ကုန်မည်ဟု ဆိုကာ မြေကြီးပေါ် (သို့မဟုတ်) ဆူးခက်ပေါ် အိပ်ခြင်းစသည့် ပြင်းထန်သော အကျင့်များကို ကျင့်ရန်ဟောကြားသည်။
ရေသည် ပိုးမွှားပါရှိသဖြင့် ရေကို စစ်ပြီးမှ သောက်သုံးရမည်။ ထို့အတူလေသည် ပိုးမွှားပါရှိသဖြင့် ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ထားရမည်။
မြေသည်လည်း ပိုးမွှားများရှိနေသဖြင့် ဖိနပ်မစီးရဟု ပညတ်လိုက်သည်။
တပည့်သာဝက ဘုန်းကြီးယောက်ျားများကိုလည်း ကိလေသာပြတ်အောင် ယောက်ျားအင်္ဂါဇာတ်ကို လက်ဝါး၊ ဒုတ်၊ သံမှိုစသည်များနှင့် ညှင်းဆဲရမည်ဟု ပညတ်လိုက်သည်။( လူမိန်းမ၊ နတ်၊ တိရစ္ဆာန်များ ကိလေသာပြတ်အောင် ညှင်းဆဲနည်းကိုကား မသိရှိပါ)။
ဂျိန်းဘာသာဝင်များသည် အဓိကအားဖြင့် အဟိံသ ကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြရသည်။ အဟိံသ အကျင့်ဆိုသည်မှာ သူ့အသက်ကို မညှင်းဆဲရ၊ မနှိပ်စက်ရဟု ဆိုလိုသည်။ အဟိံသတရားကို အထိမ်းအမှတ်အဖြစ် စကြာလေ့ထောင့်ကွက်ပြုပြီး ဂျိန်းရုပ်ပွါးရင်ဘတ်ပေါ်မှာရေးဆွဲကြသည်။ ကျောင်းဆောင် စသည်များ၌လည်း ရေးဆွဲကြသည်။
ဂျိန်းဘာသာတွင် ဒိဂမ္ဗရ-အ၀တ်မ၀တ်သောဂိုဏ်း၊ ဆီတမ္ဗရ-အ၀တ်ဖြူဝတ်သောဂိုဏ်းဟု ဂိုဏ်းနှစ်ဂိုဏ်းရှိသည်။
ဗုဒ္ဓ(သိတော်မူသောဘုရား)နှင့် ဇိန(အောင်တော်မူသောဘုရား) အမည်တို့သည် သိဒ္ဓတ္ထနှင့်သော်လည်းကောင်း၊ နာဋ္ဋပုတ္တနှင့်သော်လည်းကောင်း၊ အခြားသော ပုဂ္ဂိုလ်နှင့်သော်လည်းကောင်း၊ အသိဥာဏ်ရှိသသူ၊ အောင်မြင်ပြီးသူ၊ ဘယ်သူနှင့်မဆို သက်ဆိုင်သော အမည်များဖြစ်သည်။
ယခုအခါ ဗုဒ္ဓဟူသောအမည်သည် သိဒ္ဓတ္ထမင်းသား၏ အမည်ဖြစ်လာပြီး ဇိန(ကုလားအသံ ဂျိန) ဟူသောအမည်သည် နာဋ္ဋပတ္တ၏ အမည်ဖြစ်လာသည်။ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များသည် အ၀တ်မ၀တ်သော ဂျိန်းဘုန်းကြီးများကို ငါတို့နှင့် ဆန့်ကျင်သူ တိတ္ထိဟူ၍ ပြောဆိုခေါ်ဝေါ်ကြသလို ဂျိန်းဘုန်းကြီးများကလည်း ဗုဒ္ဓဘာသာရဟန်းတော်များကို ငါတို့နှင့် ဆန့်ကျင်သူ တိတ္ထိဟူ၍ ပြန်ပြီး ခေါ်ဝေါ်ပြောဆိုကြသည်။
မဟာဝီရကို
၁။ နိဂဏ္ဍ
၂။နာဋ္ဋပုတ္တ
၃။ ဂျိန
၎။မဟာဝီရ ဟူ၍ အမည်လေးမျိုးခေါ်ဝေါ်ကြသည်။ မဟာဝီရ ဂျိန်းဘုရားသည် မလ္လတိုင်း ပါဝါမြို့၌ ဗုဒ္ဓထက်စော၍ကွယ်လွန်(ပရိနိဗ္ဗာန်စံ)သွားခဲ့သည်။
ဂျိန်းဘာသာဝင်များသည် မဟာဝီရ(ဂျိန)ကို ဗုဒ္ဓဆင်းထုတော်အတိုင်း အတုယူ၍ ရုပ်ထုလုပ်ကာ ပူဇော်ကြသည်။
စေတနာဖြင့်
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)
(၄-၃-၂၀၁၄)
……………………………………………………………………………..
Ref: သြဘာသ(ဦး)၊မဇ္ဈိမဒေသ၊မြို့ရွာများမှ သမိုင်းရုပ်ကြွင်းပုံလွှာများ
နန္ဒာသိန်းဇံ၊လူကိုချည်းကပ်သောနည်းလမ်းမျာ၏ ချွတ်ယွင်းချက်နှင့်
တွေဝေသောအတွေးအခေါ်များ။
(ဂျိန်းဘုန်းကြီးများ ညီလာခံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment