Saturday, March 15, 2014
အလုပ်လုပ်ခြင်းအနုပညာ The art of working
----------------------------------
အထင်မကြီးပါနဲ့ ခေါင်းစဉ်ကို လူစိတ်ဝင်စားအောင် တပ်ထားတာပါ။ အခုတလော လူတွေက ဘာလုပ်လုပ် သည်အတ်အော့ သည်အတ်အော့ လုပ်ကြလွန်းလို့ပါ။ လူတိုင်းဟာ ထမင်းစားဖို့ အလုပ်လုပ်နေကြရတော့ ဒါကို အနုပညာလို့သတ်မှတ်ပြီးလုပ်မယ်ဆိုရင် လုပ်ပျော်သွားမယ်ထင်ပါတယ်။
စာရေးသူဟာ လက်ရှိကုမ္ပဏီမှာ ဘယ်လောက်ကြာအောင်လုပ်မှာလဲ အမည်နဲ့ဆောင်းပါးတွေရေးနေပါတယ်။ ဆောင်းပါးအားလုံးကို ခြုံပြီးကြည့်ရင် ရိုးရိုးလေးပါ လက်ရှိအလုပ်မှာ ဘယ်လောက်ကြာအောင်လုပ်မလဲစဉ်းစား တက်လမ်းမရှိဘူးထင်ရင် တက်လမ်းရှိမယ့်နေရာကိုပြောင်း အဲ ဆက်လုပ်မယ်ဆိုရင်တော့ ဒါလေးတွေကိုဖတ်ကြည့် လိုက်လုပ်ကြည့် 
့ ဒါပါပဲ။ အဲဒိအခါမှာ တက်လာတဲ့ ကွန်မန့်တွေကိုကြည့်ရတာ အားလုံးနီးပါးက ထွက်မယ်ထွက်မယ်ဆိုတာချည်းပါပဲ။ စာရေးသူတောင် လန့်သွားပါတယ်။ အလုပ်တစ်ခုကနေ မထွက်ခင်မှာ သေချာစဉ်းစားရမှာတွေအများကြီး ရှိပါတယ်။
ဘာကြောင့် ထွက်ချင်ရတာလဲ။
၁။ လစာနည်းလို့လား။
၂။ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်မပြေဘူးလား။
၃။ အထက်လူကြီးနဲ့ အဆင်မပြေဘူးလား။
၎။ ဒီအလုပ်က ငါ့ ကျွမ်းကျင်မှုနဲ့မကိုက်ဘူးလား။
၁။ လစာကြောင့်ဆိုရင်တော့ ဒါဟာ အလုပ်မဝင်ခင်မှာ စဉ်းစားခဲ့ရမယ့် ပြဿနာပါ။ ကိုယ့်မှာ Plan တစ်ခုရှိနေပါစေလို့ အရင်အကြံပြုချင်ပါတယ်။ ဥပမာ ၂၀၁၄ မှာ ငါ့တစ်နှစ်ဝင်ငွေဟာ ၃၆သိန်းဖြစ်ရမယ်။ ၂၀၁၅မှာ တစ်နှစ်ဝင်ငွေဟာ၄၈သိန်းဖြစ်နေရမယ် စသဖြင့်ပေါ့။ ဒါမှသာ ကိုယ်အခုဝင်မယ့် အလုပ်နဲ့ လစာဟာ ကိုယ့်ရဲ့ Planကို အောင်မြင်စေမလားဆိုတာကို ကြိုတင်တွက်ကိန်းထုတ်နိုင်မှာပေါ့။ အလုပ်ဝင်ပြီးပြီဆိုရင်တော့ ဒါတွေကိုမေ့လိုက်ပါတော့။ မိမိကိုယ်ကိုယ်ယုံကြည်စွာနဲ့ အလုပ်ကိုကြိုးစားပေတော့ ။ အလုပ်က အရင် ငွေကနောက်ပါ။ ကျွဲကူးရေပါဆိုပါတော့။ လစာနဲ့တန်တဲ့ အလုပ်ကိုပဲလုပ်မယ်လို့လုပ်မယ်လို့ မတွေးရပါဘူး။ ကိုယ်လုပ်သလောက် ပြန်ရမယ်ဆိုတာယုံကြည်ပြီးလုပ်ရပါမယ်။ ဘာကြောင့်လဲ။ ကိုယ်က ငွေဝယ်ကျွန်မဟုတ်ဘူးလေ။ သူပေးတဲ့ငွေနဲ့တန်တာကိုပဲ လုပ်မယ်ဆိုရင် ကိုယ်က ငွေဝယ်ကျွန်အပြင်ဘာပိုပြီး အဓိပ္ပါယ် ပိုရှိမှာလဲ။ စေတနာထားပြီး ကြိုးစားပြီး ငွေနဲ့မဆိုင်ဘဲ ကိုယ့်ရဲ့စွမ်းရည်ကိုသာထုတ်ပြရမှာပါ။ ဒီလိုနဲ့ ၈လလုပ်ကြည့်ပါ။ ၈လရှိလို့မှ ကိုယ့် ဝင်ငွေ Plan အတိုင်း မအောင်မြင် ဘူးဆိုရင် မိမိဘာလိုအပ်သလဲ သူဌေးက မိမိကို အသိမှတ်မပြုဘူးလား စဉ်းစားပါ သူဌေးနဲ့တိုက်ရိုက်ပွင့်လင်းစွာတိုင်ပင်ပါ။ လစာတိုးတောင်းပါ ။ မရလျှင်သေချာစဉ်းစားပြီးမှ ထွက်ဖို့ဆုံးဖြတ်ပါ။
၂။ လုပ်ဖော်ကိုင်ဘက်ကြောင့်ဆိုရင်တော့ ဒီမေးခွန်းလေးကို ဖြေကြည့်ပါ။ ဒီကထွက်လို့ နောက်အလုပ်ရောက်ရင်ကော ဒီလို လုပ်ဖော်ကိုင်ဘက်မျိုးမတွေ့ပါဘူးလို့ အာမခံချက် ရှိပါသလား။ ကိုယ့်ဘဝမှာ ဒီလိုလူတွေကို ကိုယ့်စိတ်တိုင်းကျ ရှောင်လွှဲနိုင်မလား။ ဒီမေးခွန်းကို ဟုတ်ကဲ့လို့ဖြေနိုင်ရင်တော့ အခုချက်ချင်းသာထွက်လိုက်ပါ။ သင်နိုင်သွားပါပြီ။ စာရေးသူကိုလည်း အဲလိုလုပ်ဖော်ကိုင်ဘက်တွေနဲ့ မတွေ့မယ့်နည်းလမ်းလေး လာသင်ပေးပါ။ ဒီမေးခွန်းကို ဟင့်အင်းလို့ ဖြေမယ်ဆိုရင်တော့ သင့်လုပ်ဖော်ကိုင်ဘက်တွေကို သင့်လူတွေဖြစ်အောင် လုပ်နိုင်ဖို့ လိုပါပြီ။ အောင်နိုင်သူဆိုတာ ရန်သူကို သတ်နိုင်တဲ့လူမဟုတ်ပါဘူး။ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလည်းနိုင်သူပါ။
၃။ သူဌေးကြောင့်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးနဲ့ လုပ်ငန်းရေးရာကို ခွဲခြားတတ်တဲ့ မျက်စိ သင့်မှာရှိဖို့ လိုလာပါပြီ။ သူဌေးဟာ လုပ်ငန်းရေးရာမှာ ကျွမ်းကျင်မှု ရှိသူဖြစ်မယ်ဆိုရင် သူ့ရဲ့ပုဂ္ဂိုလ်ရေးတွေ သင်နဲ့သူ့ကြားက ပုဂ္ဂိုလ်ရေးပြဿနာတွေကို သင့်ဘက်က ပြည်ဖုံးကားချထားလိုက်ပါ။ သူဌေးဟာ လုပ်ငန်းကျွမ်းကျင်သူမဟုတ်ဘူးဆိုရင်တော့ သင်နဲ့ သားအဖတမျှချစ်ကြည်နေပါစေ။ ခုချက်ချင်းသာ ထွက်ခဲ့လိုက်ပါ။ သူ့လုပ်ငန်းမှာ သင်ဟာ စမ်းသပ်ခန်းထဲက ကြွက် ဖြစ်ပေးစရာမှမလိုတာ။
၎။ လုပ်ငန်းက သင့်ကျွမ်းကျင်မှုနဲ့ မကိုက်ဘူးလား။ ဒါဆိုရင်သင့်ကျွမ်းကျင်မှုက ဘာလဲ။ ကိုယ့်ကျွမ်းကျင်မှုက ဘာလဲဆိုတာ မသိသေးဘူးဆိုရင်တော့ နောက်အလုပ်တစ်ခုပြောင်းလည်း မထူးပါဘူး။ ကိုယ့်ကျွမ်းကျင်မှုကိုယ် တွေ့အောင်ရှာပါ။ ကျွမ်းကျင်မှုဆိုတာ အသက်မွေးဝမ်းကျော င်း ဖြစ်နိုင်တဲ့ကျွမ်းကျင်မှုကိုဆိုလိုတာဖြစ်ပါတယ်။ အနီးစပ်ဆုံးသဲလွန်စလေးတွေက သင့်ကိုအထောက်ကူပြုမှာပါ။ သင်က လူများစွာနဲ့ဆက်ဆံရတာကို ကြိုက်နှစ်သက်သူလား။ ကွန်ပြူတာ ဒါမှမဟုတ် စာရွက်စာတမ်းတွေနဲ့ပဲ လုပ်ကိုင်ရတာနှစ်သက်သူလား။ တစ်နေရာတည်းမှာထိုင်လုပ်ရတဲ့အလုပ်ကို ကြိုက်လား အပြင်မှာလှည့်လည်သွားရတာကိုကြိုက်လား။ စသဖြင့်ပေါ့။ ကိုယ်နှစ်သက်တဲ့ပုံစံနဲ့ကိုက်မယ့် အလုပ်၊ ကိုယ်လည်းကျွမ်းကျင်မယ့်အလုပ်ကို ရှာတွေ့မှ အလုပ်ပြောင်းဖို့စဉ်းစားပါ။
တကယ်တော့အလုပ်တစ်ခုပြောင်းပြီဆိုတာနဲ့ အရာရာအစက ပြန်စရတာပဲဆိုတာ မမေ့ပါနဲ့။ အထက်လူကြီးရဲ့ ယုံကြည်မှုကို အစကပြန်တည်ဆောက်ရမယ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးအောင် အစကပြန်လုပ်ရမယ် လက်အောက်ငယ်သားတွေ လေးစားလာအောင် အချိန်ယူရမယ် လုပ်ငန်းကို အကျွမ်းတဝင်ဖြစ်အောင် အချိန်ယူရမယ် စားသုံးသူတွေရဲ့ အသိမှတ်ပြုမှုရအောင် အချိန်ယူတည်ဆောက်ရမယ် ဒါတွေကို အလေးနက် မစဉ်းစားပဲ အလွယ်တကူပြောင်းမယ်ဆိုရင်တော့ ပုံမှာပြထားတဲ့ ရေတွင်းတူးသူလို တူးလိုက် ရေမရလို့ ပြောင်းတူးလိုက်နဲ့ အသက်သာကြီးသွားတယ် ရေကြည်လေးမသောက်လိုက်ရ ဖြစ်သွားမယ်နော်။
ဝင်းထိန် (အင်းစိန်) လေးစားစွာရေးသားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment