Saturday, July 12, 2014
ရန်ကုန်မြို့ အင်းစိန် ဖော့ကန် ၀ါဦးလမ်းအတိုင်း ၀င်သွားမည် ဆိုပါက ရထားလမ်း အဆုံး ကန်စွန်းခင်း နံဘေး သေးငယ်သော် ငြားလည်း သေသပ်ပြီး နေချင့်စဖွယ် ဆောက်လုပ်ထားသော နှစ်ထပ်အိမ်ကလေး တလုံးကို တွေ့ရပေမည်။
အဆိုပါ အိမ်လေးသည် အနီးပတ်ဝန်းကျင်ရှိ အိမ်များထက် သန့်ရှင်း သပ်ရပ်သလို၊ အိမ်ရှေ့တွင် ခရစ်ယာန် ဘာသာဝင် တို့၏ အမှတ်အသားဖြစ်သည့် ခြောက်ထောင့်ပါ ဒေးဗစ်ကြယ်ကြီးနှင့် Barbaro’s Family ဟု မျိုးရိုးစဉ်ဆက် သုံးစွဲခဲ့သည့် မိသားစု နာမည်တခုကို ရေးသားထားသည်ကို တွေ့ရသည်။
ယင်းအိမ်ကား မြန်မာ့သူနာပြု လောကတွင် ထင်ရှားသည့် အငြိမ်းစား သူနာပြု ဆရာမကြီး အီလင်းဘာဘရို (Eileen Barbaro) ၏ အိမ် ဖြစ်သည်။
အိမ်အတွင်း၌ ဘာအဆောင်အယောင်မှ မရှိဘဲ ခပ်နွမ်းနွမ်း ဆက်တီ တစုံနှင့် နံရံတွင် ချိတ်ဆွဲထားသော ဓာတ်ပုံ တချို့သာ တွေ့ရသည့် အတွက် လူ့ဘ၀ကို ရိုးရှင်းစွာ ဖြတ်ကျော်ကြသူများ နေထိုင်ကြသည့် အိမ်ဟု သိသာလှပေသည်။
နံရံပေါ်ချိတ်ဆွဲထားသည့် ဓာတ်ပုံများထဲက ပုံတပုံတွင် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံမှ သူနာပြုဆရာမကြီး အီလင်းဘာဘရိုကို Princess Srinagarindra Award ဆုကို ပေးအပ်နေသည့်ပုံကို တွေ့ရသည်။
ယင်းဓာတ်ပုံကို မြင်မှ ၂၀၁၂ ခုနှစ်က ထိုင်းအစိုးရ PBS ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်၌ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဖက်ဖူးရောင် ရင်ဖုံးအင်္ကျီနှင့် အချိတ်ထမီကို မြန်မာဆန်ဆန် ၀တ်ဆင်ထားပြီး ပခုံးတွင် ပုဝါနှစ်ဘက်ကို စုံချထားသည့် အမျိုးသမီးကြီး တဦးအား ဂုဏ်ပြု ဆုပေးနေပုံကို သတိရလာမိသည်။
ထိုစဉ်က သတင်း ကြေညာသူထံမှ ထိုင်းအများစုက မြန်မာတို့အား ခေါ်ဝေါ်သည့် “ဖမ” ဆိုသော အသံထွက်ကို ထပ်ခါ တလဲလဲ ကြားနေသလို၊ ဆုပေးသူနှင့် လက်ခံယူသူတို့မှာလည်း တဦးနှင့်တဦး ပြုံးပြီး နှုတ်ဆက်နေကြပုံကို ပြန်လည် မြင်ယောင်မိသည်။
Princess Srinagarindra Award ဆုကား ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ မယ်တော် သူနာပြု ဆရာမကြီး သီရီနကရင် မဟီဒွန် အတွက် ရည်ရွယ်ချီးမြှင့်သည့် ဆုဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွက် ဆုကို ဆရာမကြီး အီလင်းဘာဘရိုက ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်တွင် ကလေးဆေးရုံ ဖြစ်မြောက်ရေး၊ သူနာပြု တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးနှင့် ၀င်ငွေနည်းပါးသူများကို အိမ်တွင်း ကျန်းမာရေး စောင့်ရှောက်မှု (Home Base Nursing Care) စသည်တို့ကို ဖော်ဆောင်ပေးမှုတို့ကြောင့် ထိုင်းနိုင်ငံက အဆိုပါဆုကို ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ငယ်စဉ်က ဖလောရင့် နိုက်တင်ဂေးလ်ကို အားကျခဲ့သည့် ဒေါ်အီလင်းဘာဘရို အဖို့ ကြည်နူးဖွယ်ရာ နေ့တနေ့ ဖြစ်ရသလို၊ သူနာပြုများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုမှု နည်းပါးလာချိန် အဆိုပါဆု ရလိုက်ခြင်းက အားဆေးတခွက် ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရ အုပ်စိုးခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကျဆင်းခဲ့ရာ၊ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ပင် သွားရောက် ဆေးကုသနေရသည့် မြန်မာ ပြည်သူပြည်သားများ အတွက် မျှော်လင့်ချက် တခုလည်း ဖြစ်လာသည်။
အသက် ၈၅ နှစ် အရွယ် ဒေါ်မစ္စ အီလင်းဘာဘရိုကို ၁၉၂၉ ခုနှစ် အီတလီလူမျိုး မိဘနှစ်ပါးမှ ရှမ်းပြည်နယ် တောင်ပိုင်း အင်္ဂလိပ် အထက်တန်းလွှာ၊ လူချမ်းသာများ အပန်းဖြေရာ ကလောမြို့လေးတွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ နှစ်ယောက်တွင် အကြီးဆုံး ဖြစ်သည်။
ဖခင် မစ္စတာဘာဘရိုသည် ကိုလိုနီခေတ် မီးရထားဌာန အင်ဂျင်နီယာ၊ ကြေးရတတ် တဦး ဖြစ်သော်လည်း ရှေးရိုး ဆန်သည့် အတွေးအခေါ်ရှိသူ တဦး ဖြစ်ကြောင်း သိရသည်။
သို့သော် သမီးဖြစ်သူ မစ္စအီလင်းဘာဘရိုမှာမူ မျက်နှာဖြူ အသိုင်းအ၀န်း၌ မွေးဖွားခဲ့သူပီပီ လူမှုရေးဘက်တွင် အပေါင်းအသင်းဆန့်သူ ဖြစ်သလို၊ ကားမောင်း၊ ဂေါက်ရိုက်၊ မြင်းစီး စသည့် အားကစားဘက်တွင် ၀ါသနာပါကာ ထူးချွန်သူ တဦးလည်း ဖြစ်သည်။
သူ့ အနာဂတ် ဘ၀အတွက် ဆန္ဒနှင့် မျှော်လင့်ချက် အိပ်မက်မှာ တက္ကသိုလ်ပညာ ရယူနိုင်ရေးပင် ဖြစ်သော်လည်း အသက် ၁၇ နှစ် အရွယ်တွင် ဘ၀တဆစ်ချိုး ဖြစ်စေမည့် ဖြစ်ရပ်များ မထင်မှတ်ဘဲ ပေါ်ပေါက် လာခဲ့လေသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီး တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်သည့်အခါ သူ့အနေဖြင့် ပညာဆက်လက် သင်ယူဖို့ စိတ်ကူး သော်လည်း၊ ဖခင်ကြီးက ငွေကြေးချမ်းသာသူပီပီ တဦးတည်းသော သမီးကို အိုးမကွာအိမ်မကွာ နေစေလိုခြင်းမှ အစပြုပြီး သားအဖနှစ်ဦးအကြား သဘောကွဲလွဲမှု စတင်ခဲ့သည်။
“အဲဒီတုန်းက တက္ကသိုလ်တက်ဖို့ စကောလားရှစ် ရတယ်၊ အဖေက ကောလိပ်ရောက်ရင် မကောင်းတဲ့ ကောင်မလေး ဖြစ်မယ်ဆိုပြီး သဘောမတူဘူး။ သူယူဆတာက အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်သမား ရှိတယ်၊ ငွေ ရှိတယ်၊ ဘာလိုလဲလို့ ပြောတယ်၊ ကွဲပြားတဲ့ အမြင် သူ့မှာ မရှိတဲ့ အတွက် မတက်ခဲ့ရဘူး” ဟု ဒေါ်အီလင်းဘာဘရိုက အတိတ်ကာလက အခြေအနေကို ရှင်းပြသည်။
ယင်းသို့ သဘောကွဲလွဲမှုကြောင့် အိမ်မှ အပြီးတိုင် နှင်ထုတ်ခံခဲ့ရပြီး ဖခင်ကြီး တိမ်းပါးသွားသည့်တိုင် သားအဖနှစ်ဦး မတွေ့ဖြစ်ကြကြောင်း ဒေါ်အီလင်းဘာဘရိုက ပြောသည်။
ဒေါ်အီလင်းဘာဘရို အဖို့ မွေးရပ်မြေ ကလောကို စွန့်ခွာကာ ရန်ကုန်သို့ ထွက်ခွာခဲ့သည်။ ဤသည်ကား သူ့ဘ၀ အတွက် အချိုးအကွေ့ အစဟုပင် ဆိုရလေမည်။
ဒေါ်အီလင်းဘာဘရိုသည် ရန်ကုန်၌ မိခင်ကြီး၏ သူငယ်ချင်း သူနာပြု ဆရာမကြီးဆူဇန်၏ စောင့်ရှောက်မှုကို ခံယူရင်း သူနာပြု လောကသို့ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ရောက်ရှိခဲ့သည်။
ရန်ကုန်ဆေးရုံကြီးတွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၅၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ သူနာပြုသင်တန်း တက်ခွင့် ရရှိခဲ့သည်။
အင်္ဂလန်၌ ကလေးများနှင့် ပတ်သက်ပြီး ပြုစုကုသသည့် ပညာရပ်ကို အထူးပြု လေ့လာသင်ကြားခဲ့ရာ၊ သူနာပြု အတတ်ပညာနှင့် ပတ်သက်ပြီး ဗဟုသုတပညာ အများအပြား ရရှိခဲ့၍ အင်္ဂလန်နှင့် ဝေလ အစိုးရ၏ အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
သင်တန်း ပြီးသည့်နောက် အလုပ်အကိုင် ကောင်းကောင်းရသည့် အတွက် မြန်မာပြည်သို့ မပြန်တော့ဟု ဆုံးဖြတ်ကာ အင်္ဂလန်တွင်ပင် ဆက်လက် နေထိုင်ခဲ့သည်ဟု ဒေါ်အီလင်းဘာဘရိုက ဆိုသည်။
“အင်္ဂလန်မှာက အားလုံး ပြည်စုံအောင် ရနေတော့ လူ့စိတ်အရ မပြန်ချင်တော့ဘူး။ အဖေသေတော့ အမေက ပြန်ခေါ်တယ်၊ မပြန်ဘူး၊ ဒါပေမယ့် တအိမ်ထဲနေတဲ့ သူနာပြုဆရာမကြီးက မင်းအမေရဲ့ တာဝန်ဟာ မင်းမှာရှိတယ်လို့ ပြောလို့ ပြန်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု သူက ဆက်ပြောသည်။
ထို့အတွက် ၁၉၅၅ ခုနှစ်၌ မြန်မာပြည်သို့ ပြန်ခဲ့သည်။ ပြန်ရောက်သောအခါ သူငယ်ချင်းဖြစ်သူ ဒေါက်တာ ကြည်ပေါက သူ့ကို လိုက်လံရှာဖွေကာ ရန်ကုန်ဆေးရုံကြီး၌ ကလေးများ ကုသရေး တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ထိုအချိန်က ကလေးဆေးရုံဟု မည်မည်ရရ မရှိသေးဘဲ ရန်ကုန်ဆေးရုံကြီး၏ လူနာဆောင် အမှတ် ၃ နှင့် ၄ တွင် ကုတင် ၆၀ ဆန့် မည်ကာမတ္တ ကလေးဆေးရုံသာ ဖွင့်လှစ်နိုင်သေးသည်။ ယင်းကာလတွင် မြန်မာပြည်၏ ပထမဆုံး ရင်ခြင်းဆက် အမွှာညီအမ မနန်းစိုးနှင့် မနန်းစံကို မွေးဖွားပေးခဲ့ရသည်ဟု သိရသည်။
မပြည့်မစုံနှင့်ပင် ကုသပေးနေရသည့် အခြေအနေ၌ သူနှင့် ဒေါက်တာတင်ဦးတို့ နှစ်ဦး ပူးပေါင်းကာ ကလေးဆေးရုံ သီးသန့် ရရှိရေးအတွက် တခြားသော လုပ်ဖော်ကိုင်ဘက်များ၏ အကူအညီဖြင့် ကြိုးစားခဲ့ရသည်ဟု ဒေါ်အီလင်းဘာဘရိုက ဆိုသည်။
အထူးသဖြင့် သူနာပြု ဆရာမဟောင်း ဖြစ်သည့် သမ္မတကြီး ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းထံမှလည်း လိုအပ်သည့် ကူညီမှုများ ရရှိခဲ့သည့် အတွက် ပိုမို မြန်ဆန်ခဲ့သည်ဟု သူကပြောသည်။ ယင်းသို့ ကြိုးစားအားထုတ်မှုကြောင့် ၁၉၇၈ ခုနှစ်တွင် ပြည်ထောင်စု ရိပ်သာလမ်း (ဟယ်လ်ပင်လမ်း) တွင် လက်ရှိ ကလေးဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအခြေအနေက Princess Srinagarindra Award ဆု ရရှိခြင်း အကြောင်းတရား တခုပင် ဖြစ်သည်ဟု ဒေါ်အီလင်း ဘာဘရိုက ဆိုသည်။
လူ့စိတ် ဆိုသည်ကား ဆန်းကြယ်လှ၏။ ငွေကြေးနှင့် လူမှုဖူလုံရေးစနစ် ပြည့်စုံသည့် အင်္ဂလန်မှ ပြန်ရန် မူလက ငြင်းဆန်ခဲ့သည့် ဒေါ်အီလင်းဘာဘရို အဖို့ လိုအပ်ချက်များနှင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံ ကျန်းမာရေး လောက၌ ထဲထဲဝင်ဝင် ကျင်လည်မိသည့် အချိန်တွင် အင်္ဂလန်သို့ ပြန်သွားရန် စိတ်မကူးနိုင်တော့။
“ဆေးရုံမှာ ရောက်တော့ အလုပ်ပိုများ သွားတယ်၊ ဒီမှာက ပြည်သူလူထုကို ပိုအကူအညီ ပေးနိုင်တယ်၊ ဒါကြောင့် အင်္ဂလန်မှာ ပြန်အခြေချမယ်ဆိုတဲ့ စိတ်ကူးကို ဖျက်လိုက်တယ်” ဟု သူက ဆိုသည်။
ယင်းနောက် သူနာပြုဆရာမတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုမှု နည်းပါးနေသည့် မြန်မာနိုင်ငံတွင် အဆင့်မြင့် သူနာပြု တက္ကသိုလ် တခုရှိဖို့ လိုအပ်သည်ဟု ထင်မြင်သည့် အတွက် ကြိုးပမ်းရကြောင်း သူက ဆက်ပြောသည်။
၁၉၈၆ ခုနှစ် ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး (WHO) ၏ ထောက်ခံချက်ဖြင့် ဂျပန် အင်တာနေရှင်နယ် ကော်ပိုရေးရှင်း အေဂျင်စီ၏ အကူအညီဖြင့် လေးနှစ် တက်ရောက် ပညာသင်ကြားနိုင်သည့် သူနာပြု တက္ကသိုလ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်ဟု သူက ဆိုသည်။
ဒေါ်အီလင်းဘာဘရို အင်္ဂလန်သို့ ပြန်လည် အခြေမချတော့ဘဲ၊ မြန်မာ့ ကျန်းမာရေးလောက တိုးတက်စေဖို့ အားတက် သရော ကြိုးပမ်းနေသော်လည်း ရလဒ်က ရှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ တောင်စောင်းများပေါ်တွင် တည်ဆောက် ထားသည့် သူ့မိသားစုပိုင် အိမ် ၃ လုံးကို တပ်မတော် စစ်ဦးစီး တက္ကသိုလ်အတွက် သိမ်းယူ ခံခဲ့ရခြင်း ဖြစ်လေသည်။
ကလောမြို့ရှိ သူ့အိမ်ကြီးများမှာ ဥရောပ နိုင်ငံသားများ နေထိုင်သည့် မြို့ပတ်လမ်း (Circular Road) ပေါ်တွင် တည်ဆောက်ထားပြီး ဂေါက်ကွင်းလည်း ပါဝင်သည့် အတွက် စစ်တပ် အရာရှိကြီးများက မျက်စိကျသွားပြီး သိမ်းယူခံရခြင်း ဖြစ်ကြောင်း သိရသည်။
Princess Srinagarindra Award နှင့် အတူ တွေ့ရသည့် ဆရာမကြီး အီလင်းဘာဘရို (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)
Princess Srinagarindra Award နှင့် အတူ တွေ့ရသည့် ဆရာမကြီး အီလင်းဘာဘရို (ဓာတ်ပုံ – ရန်ပိုင် / ဧရာဝတီ)
ဒေါ်အီလင်းဘာဘရိုက “အဖေက ပင်စင်ယူရင် ကလောမှာ နေမယ်ဆိုပြီး အိမ်သုံးလုံး ဆောက်တယ်၊ နှစ်အိမ်ကို ငှားမယ် တအိမ်ကို နေမယ်ပေါ့။ အဖေက အင်ဂျင်နီယာ ဆိုတော့ သေချာ ဆောက်ထားတာ။ ဒါပေမယ့် သူတို့ သိမ်းလိုက်ကြတယ်၊ သူများအိမ်ကို သူတို့ လိုချင်တယ်မဟုတ်လား၊ ယူပေါ့။ သနားစရာ ကောင်းပါတယ်” ဟု မတရား သိမ်းဆည်းကြသည့် စစ်တပ် အရာရှိကြီးများ၏ အပြုအမူကို သံဝေဂ တရားကျသော လေသံဖြင့် ဆိုသည်။
ဥရောပပုံစံ ခေတ်မီမီ တည်ဆောက်ထားသည့် အိမ်ကြီးများကို သိမ်းစဉ်က လျော်ကြေး မရသည့် အပြင်၊ အိမ်သုံးလုံးထဲမှ အိမ်တလုံးကို စစ်တပ် အရာရှိကြီး တဦးက ပြင်ပ ပုဂ္ဂလိက လက်ထဲသို့ပင် လွှဲပြောင်း ရောင်းချခဲ့သည်ဟု သူက ဆက်ပြောသည်။
မိမိပိုင် အိမ်ယာများ အသိမ်းခံခဲ့ရသော်လည်း အီလင်းဘာဘရို တယောက် စိတ်မပျက်ဘဲ၊ မိခင်ကြီးနှင့် အတူ နေထိုင်နေကြသည့် မိဘမဲ့ ကလေးငယ် ၁၀ ဦးကို ကလောတွင် ဆက်လက် အခြေတကျ နေထိုင်နိုင်ရန် အတွက် ကြိုးစားခဲ့ရသည်။
ယင်းသို့ဖြင့် လောကဓံကို ရင်ဆိုင်ရင်း ကျန်းမာရေး လောကတွင် နှစ်ပေါင်းလေးဆယ်ကြာ စိတ်ရောလူပါ နှစ်မြုပ် တာဝန် ထမ်းဆောင်ပြီးနောက်၊ ၁၉၈၉ ခုနှစ်တွင် လုပ်သက်ပြည့် ပင်စင်ယူခဲ့သည်ဟု သိရသည်။
သို့သော် အများဆန္ဒအရ မြန်မာနိုင်ငံ သူနာပြု အသင်းချုပ်တွင် ဥက္ကဋ္ဌ တာဝန်ကို ဆက်လက် ယူခဲ့ရပြန်ကြောင်း သူက ဆက်ပြောသည်။
သူနာပြုအသင်းချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် နှစ်ပေါင်း၂၀ အတွင်း လူသားတန်ဖိုးကို အလေးထားသူ ပီပီ၊ ပင်စင်စား သူနာပြု ဆရာမကြီး ၂၅ ဦးကို စုစည်းကာ ကျေးလက်ဒေသရှိ ဆင်းရဲသားများဘ၀ ပြန်လည်ထူထောင်ရေး အစီအစဉ် (Home Based Nursing Care) ကို World Vision အကူအညီဖြင့် ရန်ကုန် နယ်နိမိတ် အတွင်းရှိ နေရာပေါင်း ၂၅ နေရာတွင် စတင် အကောင်အထည် ဖော်ပေးခဲ့ရကြောင်း သူက ဆိုသည်။
ဒေါ်အီလင်းဘာဘရိုက “ဆင်းရဲတဲ့သူကို နွားတွေ၊ ၀က်တွေ ၀ယ်ပေးတယ်၊ စာသင် ပေးတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ပညာ ပေးတယ်။ ဒီ Home Based Nursing Care ပုံစံကို ဘယ်နိုင်ငံမှ မစဉ်းစားကြဘူး၊ ဒါကြောင့် World Vision က တဆင့် ထိုင်းက သိပြီး ဆုပေးတာ” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ သူနာပြုများ၏ အခန်းကဏ္ဍ မှေးမှိန် လာချိန်တွင် Princess Srinagarindra Award ဆု ရရှိကာ နိုင်ငံတကာ ၏ အသိအမှတ်ပြုမှု အပေါ် သူ့အနေဖြင့် စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိသည်ဟု ဆိုရမည်။
ယင်းအပြင် ထိုင်းနိုင်ငံအစိုးရ ကျန်းမာရေး ဌာန တာဝန်ရှိသူများက သူနာပြု အတတ်ပညာနှင့် ပတ်သက်ပြီး ပါရဂူ အဆင့် သင်ကြားပေးနိုင်သည့် တက္ကသိုလ် တခု ဖွင့်လှစ်ရေး အကူအညီ ပေးမည်ဆိုသည့် ကတိကို ရရှိခဲ့ဟုလည်း သူက ပြောသည်။
ဒေါ်အီလင်းဘာဘရိုသည် ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည်နှင့်လည်း အလွန်တရာ ရင်းနှီးသူ ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက၊ ခင်ပွန်းဖြစ်သူ မိုက်ကယ် အဲရစ်နှင့်လည်း အင်္ဂလန် နိုင်ငံ၌ နေထိုင်စဉ် ခင်မင်ခဲ့ကြောင်း ပြောပြသည်။
အင်္ဂလန်တွင် နေထိုင်စဉ် မိုက်ကယ်အဲရစ်က သူ၏ သားနှစ်ယောက် နေမကောင်းဖြစ်လျှင် ဒေါ်အီလင်းဘာဘရိုထံသို့ လာရောက်ပြီး ပထမအဆင့် ပြုစုစေပြီးမှ ဆေးရုံသို့ ပို့သည့် အထိ ကျန်းမာရေး စောင့်ရှောက်မှုရယူသည့် ရင်းနှီးခဲ့ကြောင်း ဒေါ်အီလင်းဘာဘရိုက ဆိုသည်။
“အောင်ဆန်းစုကြည်ကို ကျမ သိတယ်၊ သူ့အမေ ဒေါ်ခင်ကြည်နဲ့ ဟိုတုန်းကတည်းက ရင်းနှီးတော့ သူ ကျမ မျက်စိရှေ့မှာ ကြီးပြင်းတယ်လို့ ပြောရမှာပါ၊ အခုတော့ သွားမတွေ့ ဖြစ်တော့ပါဘူး” ဟု သူက ဆိုသည်။
ဒေါ်အီလင်းဘာဘရိုက လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အဖြစ် ကမ္ဘာက အသိအမှတ် ပြုထားပြီး နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် တဦးဖြစ်နေသည့် အတွက် နိမ့်ကျနေသည့် မြန်မာ့ကျန်းမာရေး လောကကို တိုးတက်အောင် ဆောင်ရွက်နိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ရှိသည်ဟု လက်ခံထား သူလည်း ဖြစ်သည်။
“အောင်ဆန်းစုကြည် တဦးတည်းပဲ ဒီလို ဆောင်ရွက်နိုင်တယ်လို့ မြင်တယ်၊ ဒါကြောင့် သူအခုထက် ပိုပြီး အလုပ် လုပ်လိုက်ရင် မြန်မာ့ကျန်းမာရေး တိုးတက် လာမယ်၊ အကူအညီ ရလာမယ်” ဟု ဒေါ်အီလင်းဘာဘရိုက ဆိုသည်။
မြန်မာ့နိုင်ငံတွင် သူနာပြုများ အလုပ်လုပ်သလောက် အသိအမှတ်ပြု ခံရမှု နည်းပါးရခြင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် လူ့စွမ်းအား ရင်းမြစ်များ နည်းပါးခြင်းကြောင့်သာ လူနာများနှင့် သူနာပြု ဆရာမများ အကြား ပြဿနာများ ဖြစ်ပွားနေခြင်းသာ ဖြစ်ကြောင်း၊ ထိုပြဿနာကို နိုင်ငံရေး တည်ငြိမ်မှုကသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒေါ်အီလင်း ဘာဘရိုက သုံးသပ်သည်။
သူနာပြု ဆရာမကြီး ဒေါ်အီလင်းဘာဘရို၏ အလုပ်ချင်ဆုံး အနာဂတ် ရည်ရွယ်ချက် တခုမှာ အငြိမ်းစား ယူထားသည့် ၀ါရင့်သူနာပြု ဆရာမဟောင်းကြီးများကို စုစည်းကာ လူနာများကို အိမ်တိုင်ရာရောက် လိုက်လံပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
သူက “ပင်စင် ယူသွားတဲ့ သူနာပြု ဆရာမကြီးတွေ ဆိုတာ လုပ်ထားတဲ့ အလုပ် မနည်းဘူး၊ သူတို့ အတတ်ပညာ တန်ဖိုးကို အိမ်မှာ မသန်မစွမ်းဖြစ်တဲ့ လူမမာတွေ၊ နာတာရှည် လူမမာတွေကို စောင့်ရှောက်တဲ့ ဘက်တွေမှာ ပြန်သုံးချင်တယ်။ ဒီနည်းက နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် လမ်းလို့ မြင်တယ်။ သူတို့မှာလည်း ပိုက်ဆံ အခက်အခဲ ရှိကြတယ်” ဟု ပြောသည်။
သို့သော် သူ၏ စိတ်ကူးဖြစ်သည့် အငြိမ်းစား ၀ါရင့် သူနာပြုကြီးများကို မြန်မာ့ကျန်းမာရေး လောကတွင် တဘက်တလမ်း ပြန်လည် အသုံးချရန် အတွက် သူတဦးတည်း မဖြစ်နိုင်ကြောင်းနှင့် စိတ်ဝင်စားသည့် NGO များက အကူအညီ ပေးစေလိုကြောင်းကို ဒေါ်အီလင်းဘာဘရိုက ၀န်ခံပြောဆိုသည်။
မြန်မာ့ ကျန်းမာရေး လောကကို ကိုလိုနီခေတ် ကတည်းက ဥရောပသားများက ဦးဆောင် ခေါင်းရွက်ပြုခဲ့ရာ ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာပြည် စစ်တလင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ဟယ်လင်ရို ဒီဂွက်စ် (မြန်မာပြည်၏ ဟယ်လင်) သည် ထင်ရှားသူ တဦး ဖြစ်ခဲ့သည်။
အလားတူ အသက် ၈၅ နှစ် အရွယ် ရောက်နေပြီ ဖြစ်သော အီတလီသူ သူနာပြု ဆရာမကြီး ဒေါ်အီလင်း ဘာဘရို သည်လည်း မြန်မာ့ကျန်းမာရေး လောကကို အကျိုးပြုခဲ့သည့် “မြန်မာပြည်၏ အီလင်းဘာဘရို” ဟုပင် သတ်မှတ် တင်စား ခေါ်ဆိုရမည် ဖြစ်ပေသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment