Saturday, July 12, 2014

မိုးကုတ်မြို.ဆိုတာ ကျွန်မ ဖေဖေ ကြီးပြင်းခဲ့ မြို.လေး ဖြစ်သလို ကျွန်မ ဟိုးငယ်ငယ် ကလေး ဘ၀တုန်းက မိုးကုတ်မှာ နေခဲ့ ရတဲ့ ဘ၀လေးကို စိတ်ကူး တွေနဲ့ လှမ်းမျှော် တွေးမိတိုင်း ပုံရိပ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပေါ်လာ မြဲပဲလေ။ မေ့လုမေ့ခင် ဖြစ်နေတဲ့ အတိတ်က အဖြစ်အပျက် ကလေးတွေကို ပြန်လည် အမှတ်ရ ရတာ ကြည်နူး စရာလေး တစ်ခုပါပဲ။ ကျွန်မ အဖေ ပြောပြခဲ့တဲ့ မိုးကုတ်ဆိုတဲ့ သမိုင်းလေးကို ဖောက်သည်ချ လိုက်ဦးမယ်။ မြန်မာ သက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ် စော်ဘွားကြီး သိုဟန်ဖက် လက်ထက်မှာပေါ့။ ရှမ်းမုဆိုး သုံးယောက်ဟာ တောလည် ထွက်ရင်း မျက်စေ့လည် လမ်းမှားပြီး အပြန်လမ်းကို လမ်းစ ရှာမတွေ.ပဲ ဖြစ်နေ ခဲ့ကြတယ်။ အဲဒီမှာ မိုးလည်း တော်တော်ချုပ် သွားတာကြောင့် တောင်ခြေရင်း မှာရှိတဲ. သဖန်းပင်ကြီး တစ်ပင်အောက်မှာ အိပ်လိုက် ကြပါသတဲ့။ နံနက် မိုးသောက် အလင်းရောက်လို. ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အနီးမှာ ပြိုကျနေတဲ့ တောင်စောင်း တစ်ခုရဲ့ အပေါ်က ကောင်းကင်ယံမှာ ပျံဝဲ အော်ဟစ် နေတဲ့ ကျီးများ၊ စွန်များကို ထူးထူးခြားခြား တွေ.မြင် ရတာကြောင့် သွားရောက် ကြည့်ရှုခဲ့ကြရာ အသားတစ် ပမာနီမြန်း နေတဲ့ ပတ္တမြား ကျောက်အနီ များကို တွေ.ရသတဲ့။ ဒါနဲ့ ပတ္တမြားတွေကို ယူဆောင်ခဲ့ကြပြီး မိမိတို့ အရှင်သခင် စော်ဘွားကြီးထံကို ဆက်သ ခဲ့ကြပါတယ်။ စော်ဘွားကြီး ကလည်း ဆက်သလာတဲ့ ပတ္တမြား ကျောက်နီတွေကို လက်ခံယူပြီး တန်ဖိုး ရှိမှန်း သိတာကြောင့် ထိုနေရာအား လိုက်လံ ပြသခိုင်းပြီး စောင့်ရှောက် စေခဲ့ပါတယ်။ သဖန်းပင် အနီးရှိ ထိုပတ္တမြားတွေ ထွက်ရှိတဲ့ မြေကို စောင့်ရှောက်ရန် တာဝန်ကျ သူများက သဖန်းပင်ကြီး အနီးတွင် ရွာတည်ပြီး နေခဲ့ကြရာမှ သဖန်းပင်ရွာဟု အမည်တွင် ခဲ့တယ်။ ထို့ကြောင့် မိုးကုတ်အစ သဖန်းပင်ကလို. မိုးကုတ်မြို. ဖြစ်ပေါ်လာပုံ သမိုင်းမှာ ရေးသား ဖော်ပြ ခဲ့ကြတယ်လေ။ ဒီသဖန်းပင် ရွာ အနီးတစ်ဝိုက်ဖြစ်တဲ့ ရေပူ၊ သဖန်းပင် ၊ကျောက်ဆောင် ဆိုတဲ့ နေရာတွေမှာ ရှေးက ကျောက်ကြီး၊ ကျောက်ကောင်းတွေ ထွက်ခဲ့တဲ့ နေရာ တွေပေါ့။ အဲဒီ သဖန်းပင်ရွာမှာ ပတ္တမြားတွင်းတွေကို စောင့်ရှောက် တာဝန်ယူရတဲ့ ရှမ်းလူမျိုးတွေဟာ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်း နေရာမှာ လယ်ယာများ သွားရောက် လုပ်ကိုင် စိုက်ပျိုးကြတဲ့အခါ အခြား နေရာများထက် မှောင်လွယ် သောကြောင့်  စောစော ပြန်ရသဖြင့် မိုးချုပ် စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ် ရယ်လို. အမည်တွင် လာတယ်လို့ ဆိုကြတယ်။ သို.သော် မိုးကုတ် ဆိုတဲ့ အမည် ခေါ်တွင် လာပုံလေးကို တော့ အယူအဆ အမျိုးမျိုး နဲ့ ဖော်ပြထား ကြပြန်တယ်။ အခြား အယူအဆ တစ်ခုကတော့ မိန်းကတ် ဟူသော ရှမ်းစကားမှ ဆင်းသက်လာတယ် လို. ဆိုပါတယ်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာ မြို့၊ ကတ်ဆိုသည်မှာ အေးချမ်းခြင်းဟု ဖြစ်ပြီး အလွန် အေးချမ်းသောမြို့ (မိန်းကတ်) ဟုခေါ်ရာမှ မိုးကုတ် လို.ဖြစ်လာတယ် လို. ယူဆကြပြန်သေးတယ်။ တစ်ချို. သော အယူအဆ များကလည်း (မိန်းကွတ်)ဟူသော ရှမ်းစကားမှ ဆင်းသက်လာပြီး မိန်းဆိုသည်က မြို.၊ ကွတ်ဆိုတာက ကွေ့ကောက်ခြင်း ဖြစ်ပြီး၊ ကွေ့ကောက် နေသောမြို့ မိန်းကွတ်လို. ခေါ်ရာမှ ကာလ ကြာတဲ့အခါ မိုးကုတ် ရယ်လို. ဖြစ်လာတယ်လို. ဆိုကြပြန်တယ်။ တဖန် {မိန်းကု(ပ)} ဟူတဲ့ ရှမ်းစကား ကနေ ဆင်းသက် လာပြီး မိန်း ဆိုသည်မှာ မြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ဖြစ်ပြီး မိုးကုတ်မြို့မှာ ချိုင့်ဝှမ်းထဲတွင် တည်ထားရာ ခမောက်ကို လှန်ထား သကဲ့သို့ ရှိသောကြောင့် ခမောက်မြို့ မိန်းကွတ်ဟု ခေါ်ရာမှ မိုးကုတ် ဆိုတဲ့အမည် ဖြစ်လာခဲ့ တယ်လို့ ဆိုကြ ပြန်ပါတယ်။ မိုးကုတ် ဆိုတဲ့ အမည်ကို သမိုင်းလေ.လာ သူတွေရဲ့ အယူအဆတွေ အမြင်တွေ အမျိုးမျိုး ရှိခဲ့သော်လည်း ပတ္တမြား မြေ ဆိုတဲ့ ဒီမြို့ကလေးက ကမ္ဘာမှာ ထင်ရှားတဲ့ မြို့ကလေး။ ကမ္ဘာ့ အကောင်းဆုံး အရည်အသွေး ပြည့်မှီတဲ့ ကျောက်သံ ပတ္တမြားတွေကို မွေးထုတ် ပေးရာ နေရာ ဒေသလေး တစ်ခုပေါ့။ ခေတ်အမျိုးမျိုး ပြောင်းနေသလို တင်းထွက်ပစ္စည်း တွေလည်း သုံးမကုန်အောင် အမျိုးမျိုး လိုက်ထွက်ပေး နေတဲ့ မြို.လေးတစ်မြို.ပါ။ နွေရာသီဆို နေလို. သိပ်ကောင်းတယ်။ မိုးတွင်းဆိုလည်း မိုးများတယ်၊ ဆောင်းတွင်း ဆိုလည်း ချမ်းတယ်၊ တောင်ပေါ် ဒေသဖြစ်ပြီး အေးမြတဲ့ ရာသီဥတု ရှိတဲ့အတွက် တောင်ပေါ်သူလေး တွေရဲ့ ဖြူဖွေးနေတဲ့ ပါးပြင် မို့မို့ဖောင်းဖောင်း လေးတွေဟာ ပတ်ကြားလေးတွေ အက်နေတတ်တာကြောင့် ပါးပြင်မို.မို.မှာ နီရဲနေတတ်ပြီး ပါးနီတောင် ခြယ်နေစရာ မလိုပဲ လှတဲ့ တိုင်းရင်းသူ အလှမျိုး ကိုတွေ.ရတယ်။ ချယ်ရီတွေလည်း ပွင့်တယ်။ မိုးကုတ်သူ တွေကလည်း လှတယ်ပေါ့။ ကျွန်မ ငယ်ငယ်တုံးက သူငယ်ချင်း လေးယောက်ရှိတယ်။ အရွယ်တူ၊ အတန်းတူ ၊ အိမ်နီးချင်းတွေလေ။ ကျောင်းသွား ရင်လည်း အတူတူ၊ ကစားလည်း အတူတူ ကစားကြတာပေါ့။ တစ်ယောက်က မုံရွှေရည်၊ တစ်ယောက်က ခင်မိုးအေး၊ တစ်ယောက်က ၀င်းဝင်းမာတဲ့။ ကျွန်မတို့ လေးယောက်လုံးက မိုးကုတ်မြို. ၊ မြို.မရပ်ကွက်မှာ အတူတူ နေခဲ့ကြတာ။ ကျွန်မနဲ့ ခင်မိုးအေးက အိမ်ချင်းကပ်ရက်၊ မုံရွှေရည်နဲ့ ၀င်းမာက အိမ်ချင်း ကပ်ရက်။ ကျွန်မတို. နေခဲ့တဲ့ ကျောင်းက ရှမ်းတော အ-လ-က မှာ အတူတူနေ ခဲ့ကြတာပေါ့။ ငယ်ငယ်ကတော့ ကစားနည်းတွေက လည်းစုံလို. ထုတ်စီးတိုးတမ်း၊ ရှပ်ဒိုးပစ်တမ်း၊ တူတူပုန်းတမ်း၊ ခုန်၊ပေါက်၊ ပြေးလွှား၊ ကစားကြတာ၊ သိပ်ပျော်စရာ ကောင်းတယ်။ ကျွန်မတို. လေးယောက် နေအိမ်နဲ့ ချမ်းသာကြီးတောင်လို့ ခေါ်တဲ့ ချမ်းသာကြီး ဘုရားနဲ့က နီးနီးလေးလေ၊ ချမ်းသာကြီး တောင်ပေါ်ကို တက်တဲ့ လှေကားထစ်တွေကို အပြေးအလွား တက်ကြ၊ ဘယ်သူအရင် တောင်ထိပ် ပေါ်ရောက် သလဲ ပြိုင်ကြသေးတာ။ ချမ်းသာကြီး တောင်ပေါ် ကနေကြည့်လိုက်ရင် မိုးကုတ်မြို.ရဲ့ ရူခင်း အလှကို ထင်ထင်ရှားရှား တွေ.ရပါတယ်။ မိုးရွာတဲ့ အချိန်လေးပဲ အိမ်မှာ ခဏလေး နေလိုက်တယ်။ မိုးရွာ ပြီးတာ နဲ့ တစ်ပြိုင်နက် လမ်းပေါ်မှာ ကျောက်လေးတွေက သူ့ဟာသူ့ ပေါ်နေ တတ်တယ်။ ဒါလေးတွေကို လမ်းမပေါ် သွားပြီး ကျောက်ရှာ တယ်ဆိုပြီး တုတ်လေး တစ်ချောင်းနဲ့ ဂဲတွေကို ဖယ်ပြီး ကျောက်လေး တွေကို ကောက်ယူပြီး ကျောက်ရောင်းတမ်း ကစားကြတာ ခုထိ သတိရ မိတယ်။ စက္ကူတွေကို အပိုင်းပိုင်းဖြတ် ပိုက်ဆံ လုပ်ပြီး၊ ကျောက် အရောင်းအ၀ယ် လုပ်တမ်း ကစားတဲ့အခါ ထာပွဲ ထဲမှာ ကျောက်ရောင်းအ၀ယ် ပြုလုပ်တဲ. အခါ လူကြီးတွေ သုံးနူန်းတဲ့ အသုံး အနူန်းတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လူကြီး စတိုလ်ဖမ်း စကား အခြေအတင်နဲ့ ပြောဆိုပြီး ကစားကြတာပေါ့။ ကျောက်ရောင်းတဲ့သူက ၀ယ်တဲ့သူကို ဟန်ပါပါနဲ့ အမ ကျွန်မဆီမှာ အနီ၊ အပြာရှိတယ် ကြည့်မလားဆို။ ၀ယ်တဲ့ သူကလည်း “ကြည့်မယ်လေ ပြပါဦး” ဆိုရင် ရောင်းတဲ့ သူကလည်း ဟန်ဟန်ပါပါနဲ့ ထုတ်ထားတဲ့ ကျောက်ထုတ်ကို ဖြည်ပြပါတယ်။ ပြီးရင် (ကာရပ်) ကလပ်ချိန်က ဘယ်လေက်၊ (တကာရပ်) တကလပ်ကို ဘယ်ဈေးလဲဆို ဈေးကို သတ်သတ်မှတ်မှတ် မပြောပဲ ရောင်းတဲ့သူက ပညာသားပါပါနဲ့ ဆယ်ကြီး ပိုင်းတို. ၊ ရာကြီးပိုင်းတို.၊ ထောင်ကြီးပိုင်းတို့ ဆိုပြီးဈေး စကားပြောတယ်။ အမ “ကြိုက်ရင် ဈေးပေးကြည့်လေ” ဆိုရင်။ အဲဒီမှာ ကျောက်ကြည့် တတ်တဲ့ ပညာ၊ ကျောက်ကို နားလည်တဲ့ပညာက အရေးကြီးဆုံး ပဲလေ။ ကျောက်ရဲ့ပမာဏ၊ ကျောက်ရဲ့ အရည်အသွေး၊ ကျောက်ရဲ့ အရည်အချင်း ကျောက်ရဲ့ အပြစ်အနာအဆာကင်း မကင်းပေါ် မူတည်ပြီး ဈေးဖြတ် ရတော့မယ်လေ။ ငယ်ငယ်က ကျောက်ရောင်းတမ်း ကစားတုံးကတော့ ဟိတ်ကြီးဟန်ကြီး လုပ်ပြီး ဈေးဆစ် လိုက်တာပေါ့ ။ တကယ်တော့ ကျောက်မျက် ရတနာ ပညာဟာ အဖိုးမဖြတ်နိုင်တဲ့ အတတ်ပညာ တစ်ခုပါ။ မိုးကုတ်မြို. သူမြို.သားတွေဟာ ကျောက်အရောင်းအ၀ယ် လုပ်တဲ့နေရာဖြစ်တဲ့ ထာပွဲဆိုတဲ့ နေရာလေးကို သွားကြတာကို ထာဝဲဆင်း တယ်လို.ခေါ်ကြတယ်။ ထာပွဲဆိုတာ မိုးကုတ်ကျောက် ဈေးကွက်ရဲ့ အခြေခံ အကျဆုံးနေရာ ကျောက်မျက် ဈေးကွက်တွေရဲ့ သတင်းတွေ အားလုံး စုံလင်စွာ ကြားရတဲ့နေရာ တစ်ခုပေါ့။ ဒါကြောင့် မိုးကုတ်မြို.သူ မြို.သားတွေ ရဲ့ မသွားမဖြစ်တဲ့ နေရာလေး တစ်ခုပေါ့။ ထာပွဲလို. ခေါ်ဆိုရတဲ့ အကြောင်းလေး ကတော့ ရှေးရှေးက ကျောက်မျက် ရတနာတွေ ပေါများတဲ့ အတွက် ကျောက်ပြ တဲ့အခါ “ထာ” လို.ခေါ်တဲ့ ကြေးလင်ဗန်းကြီး များမှာ ထည့်ပြီး ပြရတဲ့အတွက် ထာလို.ခေါ်ပြီး ပွဲဆိုတာကတော့ အရောင်းအ၀ယ် နေရာဌာနကို ခေါ်ပါတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မှာ နေထိုင်တဲ့ ယောက်ျားလေး တော်တော်များများက ကျောက်တွင်း လုပ်ကြတယ်။ တွင်းကထွက်လာတဲ့ ကျောက်တွေကို အရိုင်း အတိုင်း(မသွေးရသေးသောကျောက်) အနေနဲ့သော်လည်းကောင်း ၊ အရိုင်းကျောက်များကို အယဉ် (သွေးပြီးသားကျောက် အနေနဲ့ လည်းကောင်း ) ထာပွဲဆိုတဲ့ ကျောက် ၀ယ်ရောင်း လုပ်တဲ့နေရာ ကိုရောက်လာပြီး ဈေးကွက်တင် ရောင်းချ ကြတယ်။ သွေးပြီးသား ကျောက်တွေကို တော့ ကျောက်ချိန်အတိုင်း (ကာရပ်) ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြပါတယ်။ကျွန်မ ငယ်ငယ် ဘ၀တုန်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်က ဆိုရင်ပေါ့၊ မိုးကုတ်မြို့သူ မြို့သားတွေ အားလုံးဟာ အတော်ကို အဆင်ပြေ ခဲ့ကြတာပေါ့။ ခုတော့ မြို.ကလေးကို အဝေးကနေ စိတ်ကူးတွေနဲ့ လှမ်းမျှော် ကြည့်တော့ ဟိုးတုံးကလို စိမ်းဆိုလှပ သာယာ နေနိုင်ဦး မည်လား။ မိုးကုတ်မြို.လေး အေးချမ်း နေဆဲပဲလား။ ဟိုးအရင်တုံးက မိုးကုတ်မြို.သူ မြို.သားတွေရဲ့ အသက်၊ သွေး၊ ချွေး တွေနဲ့ ရင်းပြီး သူ.ရဲ့ မြေဆီလွှာ တွေကို တူးဖော်လိုက်တိုင်း မိခင်မြေကြီးရဲ့ အသွေးအသား တွေဟာ ကျောက်သံ ပတ္တာမြား ရောင်စုံတွေ အဖြစ် အသွင် ပြောင်းရင်း အသက်ဆက် ပေးနေခဲ့တယ်။ ခုချိန်မှာရော သူထမ်းပိုးထားတဲ့ မြို့သူ မြို့သားတွေ၊ အတွက် အရင်ကလို သူပေးဆပ် နေဆဲပဲလား။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ဗလဗွနဲ့ သူ.ရဲ့ အသွေးအသား တွေရော ကုန်ခမ်းလုပြီလား? သူဘယ် အချိန်၊ ဘယ်ကာလ ထိများ တောင့်တင်း ခံနေနိုင်ဦး မှာပါလိမ့်။ ကျွန်မ သေသေ ချာချာ မသိနိုင်တော့ပါဘူး။ မြို့ကလေးကို စွန်.ခွာပြီး ဆယ်စုနှစ် သုံးခုလောက် လွန်အောင် ဘ၀ခရီး ရွှေ.ရှား စီးမျော နေခဲ့ပါတယ်။ ထိုခရီး ဘယ်အချိန်ထိ ဘယ်နေရာထိ သွားလို. နေအုံးမည်လဲ ဆိုတာလည်း ကျွန်မ မသိသေးပါ။ တစ်ချိန်ချိန် မှာတော့ ကျွန်မ မွေးစား မိခင် ဖြစ်တဲ့ မိုးကုတ် မြို့ကလေးကို ကျွန်မ တစ်ခေါက် လောက် ချွေးသိပ် ချင်ပါသေးတယ်။ ခုတော့ ကျွန်မ ငယ်သူငယ်ချင်း အားလုံးဟာ မတူညီသော ဘ၀တွေကြားမှာ မေစိုး ဆိုတဲ့ နာမည်လေး တစ်လုံးမျှသာ သိနေတယ် ဆိုတဲ့ အသိလေး နဲ့ပဲ ဘ၀အမော တွေကြား ခရီးတွေ သွားနေကြဆဲ ပါပဲလေ။ ရေးသားသူ-မေစိုး (Shwe Mandalay

No comments: