Saturday, July 12, 2014
အဘူတာဟီးရ် ဆိုတဲ့ ကာရန်မီတာ (လက် ရှိ ဘာရိန်းပြည်ရှိရာ) ဘုရင်ဟာ အေဒီ ၉၂၃-ခုမှာ နန်းတက်တယ်။ သိပ်မကြာဘူး မြောက်ပိုင်းကို တက်ပြီး (လက်ရှိ အီရတ်ရဲ့) မြို့တစ်မြို့ ဖြစ်တဲ့ ဘာဆရာကို သိမ်းတယ်။ အဲဒီနောက် ကူဖာ မြို့ကို သိမ်းတယ်။ ကူဖာ မြို့ ကျ ပြီး နောက် ဘက္ကဒက်ကို သိမ်းဖို့ ဝိုင်းတယ်။ မအောင်မြင်ဘူး။ အဲဒါနဲ့ ဘေဘီလိုးနီးယန်း ဒေသ တစ်လျှောက် ထက် အောက် စုံ ဆန်ပြီး ကျန်တဲ့ မြို့တွေ ရွာတွေကို လုယက် ဖျက်ဆီးခဲ့တယ်။ အဲဒီ အချိန်မှာ အာရေဗျ ကျွန်းဆွယ်ဟာ အစ္စလာမ်အင်ပါယာ ခါလီဖိတ်ကြီး ဖြစ်နေပြီ။ ခါလီဖိတ်ထဲမှာမှ သူ့ပြည်နဲ့သူ အဘစ်ဆစ်လို၊ အွမ်မေယက်လို၊ တူလုဆစ်လို စော်ဘွားပြည်ငယ် (အီမီယာ) တွေ ရှိတယ်။ ပြည်ငယ်တွေ အားလုံးက အင်အားချင်း သိပ်မကွာ တော့ ဘယ်သူမှာ ခါလီဖွာ မလုပ်နိုင်ကြဘူး။ စော်ဘွားတွေကလည်း နည်းနည်း အင်အားတောင့်လာတာနဲ့ အဘူတာဟီးရ်လိုပဲ ခါလီဖွာ ဖြစ်ဖို ကြံကြတာပဲ။ အခုလည်း ဒီအတိုင်းပါပဲ။
ဟိုလုဒီလုနဲ့ အင်အားတောင့်လာတဲ့ အဘူတာဟီးရ်ရဲ့ တပ်ကြီးဟာ အေဒီ ၉၃၀မှာ မူဆလင်တို့ အထွဋ်အမြတ်ထားရာ မက္ကာကို ဝိုင်းပါသတဲ့။ အဲဒီအချိန်က ဆော်ဒီ အာရေဗျရယ် အီရတ်ရယ် ဆိုပြီး သီးသန့် ရှိတာ မဟုတ်ဘူး။ အဘစ်စစ် ခါလီဖိတ် ဆိုပြီး တိုင်းပြည် တစ်ခု ဖြစ်နေတာ။ ဆဒ်ဒမ် ဟူစိန်က ဆော်ဒီတို့ ကူဝိတ်တို့ကို သိမ်းချင်တယ် ဆိုတာ အဲဒီ သမိုင်းကြောင်းနဲ့ လည်း ဆိုင်တယ်။
မက္ကာကို ဝိုင်းတယ်ဆိုပေမယ့် စစ်တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အဘူတာဟီးရ် ဟာ သူ့ရဲ့ စစ်အင်အားကို ပြပြီး မက္ကာက ဘာသာရေး ခေါင်းဆောင်တွေ သူဋ္ဌေးတွေ သူ့ရှေ့မှာ ဒူးထောက် ဦးညွှတ်လာဖို့ ကနဦးက ကြံစည်ထားတာပါ။ ဒါပေမယ့် ကိန်းကြီး ခန်းကြီး နိုင်တဲ့ မက္ကာသားတွေက မြို့တံခါးကို မဖွင့်ပေးဘူး။ မြို့ထဲမှာကလည်း ဟာ့ဂ်ျ ကို လာတဲ့ ဘုရားဖူးတွေနဲ့ ပြည့်နေတာကိုး။ ၂-သောင်းကျော်တောင် ရှိသတဲ့။ သွားရေးလာရေး ခက်တဲ့ အဲဒီခေတ်က ဘုရားဖူး ၂-သောင်းကျော် ဆိုတာ နည်းတဲ့ အရည်အတွက်မှ မဟုတ်တာပဲ။
အဲဒါနဲ့ အဘူတာဟီးရ်ဟာ မက္ကာ မြို့တံခါး ရှေ့မှာ မားမားရပ်ပြီး
"မက္ကာဟာ မွတ်ဆလင်တိုင်းရဲ့ အထွဋ်အမြတ် ထားရာ နေရာ ဖြစ်တယ်။ အခုလို ဟာ့ဂ်ျကာလမှာ မူဆလင်တိုင်း ကာဘာကို ဖူးမျော်ခွင့်ရှိတယ်။ သူဟာ ငြိမ်းချမ်းစွာ ဖူးမျှော်ဖို့ လာတာပါလို့ အီမာန်တွေ အားလုံးရဲ့ ရှေ့မှောက်မှာ ကတိသစ္စာ ပြုပါတယ်။ "
လို့ ကြေညာသတဲ့ ...
အဘူတာဟီးရ် ရဲ့ ရဲရင့်တည်ကြည်တဲ့ ကတိသစ္စာပြုမှုကို မက္ကာသားတွေဟာ အလွန် သဘောကျ နှစ်ခြိုက်သွားတဲ့ အတွက် ဟာ့ဂ်ျရဲ့ ပထမဆုံး ရက်မြတ်မှာ မြို့တံခါးကို ဖွင့်ပေးလိုက်တယ်။
အဲဒီနောက်မှာတော့ အဘူတာဟီးရ်ရဲ့ မူဂျာဟစ် တပ်ကြီးဟာ မြို့တွင်းကို ဒလကြမ်းဝင်ပြီး မြင်မြင်သမျှက ထိုးခုတ်တာပဲတဲ့။ မက္ကာမြို့ရဲ့ လမ်းတွေမှာ ဟာ့ဂ်ျလာလုပ်တဲ့ ဘုရားဖူးတွေရဲ့ အလောင်းတွေနဲ့ ပြည့်နေတာပဲတဲ့။ အဘူတာဟီးရ်ရဲ့ မူဂျာဟစ်တွေဟာ ဘုရားဖူးတွေကို ဇတ်ဖြုတ်ရင်း မိုးကျကျမ်းမြတ် ကိုအာရမ်ထဲက အာယတ်တော်တွေ ရွတ်ဖတ်ပြပြီး လှောင်ကြ ရိကြ တယ်တဲ့။ မင်းတို့တွေဟာ အလ္လာအရှင်မြတ်ကို ကိုးကွယ်တာ မဟုတ်ပဲ ကျောက်တုံးကြီးကို အခမ်းအနားတွေနဲ့ ပူဇော်တယ်။ အလ္လာရှင်မြတ်ဟာ အားလုံးရဲ့ ဖန်ဆင်းတော် အရှင် အစစ် ဖြစ်ပေမယ့် မင်းတို့က ဇမ်ဇမ် ရေတွင်းက ရေကမှ ပိုပြီး တန်ခိုးတွေ ရှိတယ်လို့ လုပ်စားပြီး စီးပွါးရှာကြတယ် ဆိုပြီး လှောင်ပြောင် စွတ်စွဲတာပေါ့။
အဘူတာဟီးရ်ရဲ့ မူဂျာဟစ်တွေ ကာဘာ အဆောက်အဦးကြီး နားကို ရောက်လာတဲ့ အခါ အဲဒီမှာ ဖူးမျှော်နေတဲ့ အီမာန်တွေဟာ ကြောက်လန့်တကြားနဲ့ ကာဘာ အဆောက်အဦးကြီး ပေါ် တွယ်တက် ကြတာပေါ့။ သူတို့တွေကို မြင်းတွေ စီးလာတဲ့ မူဂျာဟစ်တွေက ကာဘာကြီးကို ပါတ်ပြီး ဓားကောက်ကြီးတွေနဲ့ ထိုးကြ ခုတ်ကြ လုပ်လိုက်ကြတာ အီမာန် ၇၀၀-ကျော် ကာဘာကြီးကို ဖတ်ပြီး အမိန့်တော် ခံသွား သတဲ့။ ကာဘာကြီး လည်း သွေးချင်းချင်း နီသွားတာပဲတဲ့။ ကာဘာကြီး သာ မက ဘူး ရှဟီးဒ် ဖြစ်ကုန်တဲ့ အီမာန်တွေ ကို ဇမ်ဇမ် ရေတွင်းထဲ ပစ်ချ လို့ ရေတွင်းကြီးဟာ သွေးတွေ ချေးတွေနဲ့ ပြည့်ပြီး ပုပ်ပွကုန်ပါလေရောတဲ့။
အဘူတာဟီးရ်ဟာ မက္ကာမြို့က ရှိရှိသမျှ ပစ္စည်းဥစ္စာ ရတနာတွေကို သိမ်းယူသွားတဲ့ အပြင် တမန်တော် အာဒံနဲ့ အတူ ကောင်းကင်ဘုံက ပါလာတဲ့ ဆိုတဲ့၊ တမန်တော် အီဘရာဟင် သယ်ယူလာတယ် ဆိုတဲ့၊ တမန်တော် မူဟာမဒ် တည်ထားတယ် ဆိုတဲ့ အဲလ်ဟာဂျာ အဲလ်အစ်ဝဒ် ဆိုတဲ့ ကျောက်တုံးကြီးကိုပါ ပြန်ပေးဆွဲသွားခဲ့တယ်။ အဲလ်ဟာဂျာ အဲလ်အစ်ဝဒ် ကျောက်တုံးကို အဘူတာဟီးရ်ဟာ သူ့ရဲ့ ဇာတိ (လက်ရှိ ဘာရိမ်းနိုင်ငံ ရှိရာ ) အဲလ်ဟာဆာ မြို့မှာ ၂၃-နှစ်ကြာ သိမ်းထားခဲ့တယ်။ သူတို့ရဲ့ အထွဋ်အမြတ် ကျောက်တုံးကြီးကို ပြန်ပေးဆွဲထားတဲ့ အတွက် အဘစ်ဆစ်တွေဟာ အဘူတာဟီးရ်ကို ဆပ်ကြေး ပုံမှန် ပေးရတယ်။ ကျောက်တုံးကြီးကို ဖျက်ဆီးမှာ စိုးရိမ်လို့လေ။
အေဒီ ၉၄၄-ခု အဘူတာဟီးရ်ဟာ ငြိမ်းချမ်းစွာပဲ ၉၆-ပါးသော ရောဂါနဲ့ အမိန့်တော်မြတ် ခံယူ သွားခဲ့တယ်။ သူ့အရိုက်အရာကို သားဖြစ်သူနဲ့ တူဖြစ်သူ သုံးဦးက ဆက်ခံတယ်။
အဘုတာဟီးရ်ရဲ့ အဆက်အနွယ် ကာရန်မီးရှမ်းတွေဟာ အဲဟာဂျာ ကျောက်တုံးကြီးကို ၂၃-နှစ် တိုင်တိုင် ပြန်ပေးဆွဲထားခဲ့တယ်။ အေဒီ ၉၅၂-ခု ရောက်တဲ့ အခါမှ ကာရန်မီးရှမ်းတွေက ကျောက်တုံးကြီးကို ပြန်ရွေးဖို့ အဘစ်ဆစ်တွေကို ပြောတယ်။ ငွေအမြောက်အများ တောင်းတယ်။ တောင်းတဲ့ ငွေရတဲ့ အခါ ကာရန်မီးရှမ်းတွေက အိပ်တစ်ခုထဲ ထည့်ထားတဲ့ အဲဟာဂျာ ကျောက်တုံးကြီးကို ကူဖာမြို့က ဗလီ တစ်ခုထဲ စာတစ်စောင်နဲ့ အတူ ပစ်ထည့်သွားတယ်။
"အလ္လာရှင်မြတ်ရဲ့ အလိုတော် အရ ငါတို့ ယူသွားခဲ့တယ်။ အလ္လာရှင်မြတ်ရဲ့ အလိုတော် အရ ငါတို့ ပြန်ပေးတယ် ... " လို့ စာမှာ ရေးထား သတဲ့။
ကျောက်တုံးကြီး ပြန်ရပေမယ့် လည်း အတုလား အစစ်လား ဆိုတဲ့ ပြဿနာ က ရှိနေတယ်။ အဘုတာဟီးရ်လို ကာရန်မီးရှမ်းတွေရဲ့ စကားကို အလွန် ကြောက်ကြ တာကိုး။ အဲဒါနဲ့ အဲဒီ ကျောက်တုံးဟာ မိုးကျ ကျောက်တုံး စစ်မစစ် စမ်းသပ်မယ် မိုးကျ ကျောက်တုံး ဆိုရင် ရေပေါ်မှာ ပေါ်မယ်၊ မီးရှို့ရင် မပူဘူးလို့ အူလမာတွေက တစ်ညီ တစ်ညွတ်ထဲ ဆိုသတဲ့။ ရာဇဝင် အရ ကျောက်တုံး သုံးတုံး ထဲမှာ ၂-တုံးက ရေမြုတ်တယ်။ တစ်တုံးက ရေပေါ် ပေါ်တယ်။ မီးတိုက်တာ မပူဘူး။ အဲဒီ ကျောက်တုံးဟာ လက်ရှိ ကာဘာမှာရှိတဲ့ အဲဟာဂျာ ကျောက်တုံးကြီးလို့ ဆိုတယ်။
ဒီကြားထဲမှာ ကျောက်တုံးကြီးကို ဓားနဲ့ ခုတ်၊ ပုဆိန်နဲ့ပေါက် ပြီး ရန်ရှာ သူတွေ ရှိလို့ အနည်းငယ် ပျက်ဆီးမှုတွေ ရှိတယ်။ အဲဒါ ကာဖိရ်တွေကိုတော့ သတ်ပစ်ရတယ်။
၁၉၃၂-ခု ဂျူလိုင်မှာ အာဖဂန်သား အဘူ အတ်စ် ဆတ်တာ အဘူ အဲလ် ဂဖ်ဖာ အဲလ် အာဖဂါနီ ဆိုသူဟာ အဲဟာဂျာ ကျောက်တုံးကြီးက အပိုင်း အစ တစ်ချို့ နဲ့ ကျောက်တုံးကြီးကို ကာကွယ်ထားတဲ့ ငွေသား ဘောင်က ငွေသား တစ်ချို့ ခိုးယူခဲ့တာကို မိတယ်။ သူ့ကို ခုံးရုံးတင် စစ်ဆေးပြီး သေဒဏ် ပေးခဲ့တယ်။
အဲဒီ ကျောက်တုံးက အပိုင်းအစတွေ ရေပေါ် ပေါ် မပေါ်ကို အဲဒီတုန်းက စမ်းသပ်ခဲ့တယ် လို့ မကြားမိဘူး။
[Source: Various]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment