Saturday, July 12, 2014
အမေရိကန်ပြည်ထောင်စုကို မကြာသေးခင် လပိုင်းတွေအတွင်းက ရောက်လာတဲ့ ညီငယ်တယောက်က မေးခွန်းတခု မေးလာတယ်။
အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ ကြိုးစားရတာ မလွယ်ဘူး အကို။
အတန်းထဲမှာ ပင်ပမ်းတော့ အာရုံစိုက်လို့မရဘူး။ ငိုက်နေတယ် တဲ့။
ဟုတ်မှာပေါ့။ အလုပ်ကို အချိန်ပြည့်လုပ်ရင်း စာသင်ခန်းမှာ သွားထိုင်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောက်ခါစမို့ပါ။ အချိန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ။ အမေရိကန်တွေလို ရုန်းကန်ဖို့အတွက် အသားကျသွားတဲ့အခါ ကိုယ်ရည်ကိုယ်သွေး နဲ့ ခံနိုင်ရည်တက်လာမှာပါ။ ခံနိုင်ရည်အားဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေပါတယ်။
အမေရိကန်ပြည်ထောင်စုကို စရောက်လာတုံးက ကျောင်းသူ၊ ကျောင်းသားတွေကို ကြည့်ပြီး ကိုယ့်ဘာသာ ရှက်သွားတာ အမှန်ပဲ။ ဒီမှာက ကလေးတွေကို လူကြားထဲတိုးရဲအောင်၊ လူမှုဆက်ဆံရေးတွေကို နားလည်အောင်၊ အလုပ်လုပ်ချင်စိတ်ရှိအောင် ငယ်ငယ်ကလေးထဲက အလုပ်လုပ်ခိုင်းတယ်။ နွေကျောင်းပိတ်ရက်ဆို ကားရေဆေးတဲ့နေရာတွေမှာ ဆိုင်းဘုတ်လေးတွေကိုင်ပြီး အော်ဟစ်ခေါ်နေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ အများကြီးပဲ။
ဆူပါမားကက်တွေမှာဆိုလည်း အထက်တန်းကျောင်းသူ၊ကျောင်းသားလေးတွေကအစ အချိန်ပိုင်း အလုပ်လုပ်ကြတယ်။
ဒါကြောင့်လည်း ကျောင်းပြီးလို့ အလုပ်ခွင်ထဲရောက်တဲ့အခါ၊
အလုပ်ထဲမှာ ကြုံရတဲ့ လူ့ဘဝကို ကြိုသိနေကြတယ်။
ကျွန်တော်တို့မှာက တက္ကသိုလ်တက်လာသည်အထိ ဘော်ကြော့ပဲ။
အလုပ်လုပ်ရကောင်းမှန်းလဲ မသိဘူး။ မိဘ ပို့ပေးတဲ့ပိုက်ဆံကို စောင့်၊ အတန်းပြီးလို့ ညနေစောင်းဆိုရင် ကျောင်းရှေ့လက်ဘက်ရည်ဆိုင်မှာထိုင်၊ မိန်းကလေးဆောင်တွေသွား၊ တခါတလေ အရက်ဆိုင် ကို ဒိုးကြတယ်။
ခုမှ ပြန်တွေးပြီး မိဘတွေကို တော်တော်အားနာပါတယ်။
ဒီမှာက မိဘတွေမှာ သူတို့သားသမီးတွေကို တက္ကသိုလ်တွေပို့ဖို့အတွက် ဝန်ထုတ်ဝန်ပိုးတခု လို ဖြစ်မနေပါဘူး။ သူတို့မှာ အစိုးရက ပညာရေးအတွက် ငွေချေးပေးတာတွေ၊ ထောက်ပံ့ကြေးပေးတာတွေ ရှိနေတယ်။
ဒါကြောင့်လည်း ကလေးတွေရှိနေပေမယ့်လည်း သူတို့ဘဝတွေက မြုပ်မသွားဘူး။
နွေရာသီဆို တခြားနိုင်ငံတခုခုကို အပမ်းဖြေခရီးထွက်ကြတာပဲမို့လား။
မြန်မာပြည်မှာက Life Style တွေကို ပြောင်းမှဖြစ်မယ်။
ကျောင်းသားတွေကလည်း ကျောင်းတက်ရင်း အလုပ်လုပ်တဲ့ အလေ့အထ နဲ့
မိဘတွေကို သက်သာစေမယ့် ရင့်ကျက်မှုမျိုး ကို စတင်တည်ဆောက်ကြဖို့ လိုမယ်ထင်တယ်။
အမေရိကန်တွေလို တိုးတက်ချင်ရင် အမေရိကန်ကျောင်းသူကျောင်းသားတွေလို ရင့်ကျက်မှုမျိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဲတဲ့ စိတ်ထားမျိုး ရှိဖို့လိုပါမယ်။
တဘက်မှာတော့ -
ကျောင်းသားတွေ အလုပ်အကိုင်ရရှိဖို့ဆိုတာကလည်း အစိုးရမှာ ကောင်းမွန်တဲ့ နိုင်ငံစီးပွားရေးစီမံကိန်းတွေရှိဖို့လိုတာပေါ့။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်ရှာဖွေရင်း နဲ့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး အပါအဝင် နယ်ပယ်အသီးသီးက အခက်အခဲတွေကို လူငယ်တွေ စောစောစီးစီး သိသွားကြမယ် ဆိုရင် အဖြေကို ရှာဖို့ ကြိုးစားကြမှာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment