Saturday, June 7, 2014

ကမ္ဘာကြီးပြောင်းလဲနေတယ် ။ အမေရိကန်လည်း ကျဆုံးနေသလား။ 7day daily မှာ ကန်စစ်သားတဦးနဲ့ တာလီဘန် ၅ ဦးလဲလှယ်တဲ့သတင်းကိုဖတ်လိုက်ရတဲ့အချိန် အံ့သြမိတယ်။ (လွတ်မြောက်သွားတဲ့သူက တာလီဘန်အစိုးရဖြစ်ခဲ့စဉ်တုန်းက ကာကွယ်ရေးဒုဝန်ကြီး နဲ့ ထောက်လှမ်းရေးအကြီးအကဲအထိပါတယ်။ သူတို့လက်မှာ ပြည်သူတွေရဲ့သွေးတွေအများကြီးစွန်းထင်းနေတယ်။ ကမ္ဘာ အမွေအနှစ်စာရင်းဝင် ဗုဒ္ဓရုပ်ပွားတော်Bamiyanကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့သူတွေ။) သမ္မတအိုဘားမားက အမေရိကန်ကို ဖျက်ဆီးနေသလားလို့တောင်စဉ်းစားမိလိုက်တယ်။ အမေရိကန် စိတ်ဓာတ်ဆိုတာ ကျင့်ဝတ်ထိန်းသိမ်းတဲ့နေရာမှာ နှစ်ပေါင်းများစွာကြာအောင် တကမ္ဘာလုံးမှာချီးကျူးခံခဲ့ရတယ်။ ဒီကျင့်ဝတ်ထဲကတခုက အကြမ်းဖက်သမားနဲ့ ညှိနှိုင်းဆွေးနွေးတာ လုံးဝမလုပ်ဘူးဆိုတဲ့စိတ်ဓာတ်မျိုး။ အမှန်တရားကို အသက်နဲ့လဲပြီးကာကွယ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုး။ ကျွန်တော်ရဲ့ အမေရိကန်ဆရာတယောက်က အမြဲဂုဏ်ယူပြီး ပြောတဲ့ကိစ္စတခုပါ။ တာလီဘန်ကို အကြမ်းဖက်သမားလို့သတ်မှတ်ထားတာက အမေရိကန်အတည်ပြုထားတာကြာပြီ။ အခု အကျဉ်းသားလဲလှယ်တာကိုအကြောင်းပြပြီး ဒီဆောင်ရွက်ချက်ကမှန်ကန်တယ်လို့ သူတို့ပြောနေတာကို လူအများစုက လက်မခံနိုင်ကြဘူး။ သုံ့ပန်းလဲလှယ်တာက စစ်ဖြစ်တဲ့နိုင်ငံရဲ့အစိုးရအချင်းချင်း လုပ်တဲ့ကိစ္စ။ ငယ်စဉ်ဘဝက အမေရိကန်မှာ ကြီးပြင်းခဲ့တာမဟုတ်တဲ့ အိုဘားမားက ရွေးကောက်ပွဲမှာ ပြောတဲ့ “CHANGE” ဆိုတာက ဒါမျိုးလား။ အလားတူကိစ္စတခုလည်း ခေါင်းထဲမှာရောက်လာတယ်။ ဂျပန်ရဲ့ အခြေခံဥပဒေက ငြိမ်းချမ်းရေးဥပဒေလို့ နာမည်ပေးထားတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း မဟာမိတ်ဘက်က အစိုးရများရဲ့ဖိအားအောက်မှာရေးဆွဲထားတဲ့ဥပဒေလည်းဖြစ်တယ်။ အခုချိန်မှာ အိုဘားမားက သူတို့ရဲ့ကျဆင်းနေတဲ့စီးပွားရေးကို ပြန်လည်မြှင့်တင်ဖို့ TPP လွတ်လပ်ကုန်သွယ်ေ၇းဇုန် တည်ထောင်ဖို့အတွက် အဓိကကျတဲ့ဂျပန်ရဲ့ ခွင့်ပြုချက်ရဖို့အတွက် ဂျပန်ရဲ့အခြေခံဥပဒေကိုပြင်ဆင်ခွင့်ပြုလိုက်တယ်။ မကြာမီကာလမှာ ဂျပန်က ကိုယ့်နိုင်ငံကိုကာကွယ်ရုံမဟုတ်တဲ့ ပုံမှန်တပ်မတော်တခုကို တည်ထောင်တော့မယ်။ လက်နက်ထုတ်လုပ်တဲ့လုပ်ငန်းလည်း စပြီးလည်ပတ်နေပြီ။ နိုင်ငံခြားကိုလက်နက်တင်ပို့ခွင့်လည်း ဖွင့်ပေးလိုက်တယ်။ ဒါလည်း စစ်မှန်တဲ့အမေရိကန် သို့မဟုတ် အမေရိကန်စိတ်ဓာတ်ရှိတဲ့ yankee လူဟောင်းတွေက အထင်သေးနေတဲ့လုပ်ဆောင်ချက်ပါ။ (အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုကို ပြန်ပြီး research လုပ်ရတော့မယ်။)

No comments: