Saturday, June 7, 2014

သတိုးမင်းလှကျော်စွာ ခေါ် သီလဝမျိုးရဲ ခေါ် မြင်ကွန်းမင်းသားဟာ မင်းတုန်းမင်းရဲ့ သတ္တမမြောက် သားတော် တစ်ဦး ဖြစ်ယုံတင် မကဘူး အိမ်ရှေ့စံ ကနောင်မင်းရဲ့ သားမက်လည်း ဖြစ်တယ်။ မြင်ကွန်း မြင်းခုံတိုင်တို့ ညီအကို ဦးဆောင်တဲ့ အဖွဲ့ဟာ ရတနပူရ ဆိုတဲ့ ရတနာပုံ နန်းတွင်းကို ဝင်စီးပြီး ဖအေကို နန်းချဖို့ ကြိုးစားတယ်။ ယောက္ခမဖြစ်သူ ခေါင်းဖြတ်သတ်ပြီးတဲ့ အခါ မြင်ကွန်းမင်းသားရဲ့ ညီဖြစ်သူ မြင်းခုံတိုင်က ခေါင်းပြတ်ကြီးကို ကိုင်လို့ နန်းတွင်းလှည့်ပြီး ဘုရင်ကို လိုက်ရှာတယ်လို့ ဆိုတယ်။ သူတို့ လက်ချက်နဲ့ မြတောင်မင်းကြီး၊ လောင်းရှည်မြို့စား၊ မြေဒူး မြို့စား၊ လက်ဝဲဝင်း တို့အပြင် ပြင်စည်၊ မလွန် နဲ့ စကုမင်းသားတွေပါ အသက်ပျောက်ခဲ့တယ်။ ဘုရင်ကိုလုပ်ကြံမှု မအောင်မြင် လို့ ရေနန်းစကြာ သင်္ဘောကို သိမ်းပြီး မလွန်ဘက်ကို ဆင်းပြေးကြတယ်။ အဲဒီကနေ ကရင်နီ စော်ဘွားတွေ အကူအညီနဲ့ လူစုပြီး ပြန်တိုက်ပေမယ့် နောက်ဆုံးမှာ အရေးနိမ့်ပြီး ဗြိတိသျှပိုင် အောက်မြန်မာပြည်ထဲ ဝင်ပြေး ခိုလှုံခဲ့ကြတယ်။ အိမ်ရှေ့စံ ကနောင်မင်းလုပ်ကြံခံရ အပြီးမှာ ကနောင်မင်းရဲ့ သားကြီးဖြစ်တဲ့ ပန်းထိမ်းမင်းသားလည်း နေပြည်တော်ကနေ ထွက်ပြေးပြီး မင်းတုန်းမင်းကို ပုန်ကန်တယ်။ သူလည်းပဲ မအောင်မြင်ခဲ့ဘူး။ မြင်ကွန်းနဲ့ မြင်းခုံတိုင် တို့ကို ဗြိတိသျှတွေက လိုချင်တဲ့ သတင်းတွေ မေးမြန်း အပြီး အန်ဒါမန်ကျွန်း ဘလဲ ဆိပ်ကမ်းမြို့ကနေ တစ်ဆင့် အိန္ဒိယကို ပို့လိုက်တယ်။ အဲဒီကနေ ဗာရာဏသီ ကို ရောက်သွားတယ်။ မြင်ကွန်းမင်းသားက ဗာရာဏသီကနေ ပြင်သစ်ပိုင် ချန်ဒါနာဂို ကို ထွက်ပြေးလွတ်မြောက်သွားတယ်။ အဲဒီကနေမှ ပွန်ဒီချယ်ရီကို ရောက်သွား တယ်။ Life of Pi ဆိုတဲ့ ရုပ်ရှင်မှာ ပါတဲ့ မြို့ပေါ့။ ပွန်ဒီချယ်ရီမှာ ၅-နစ် လောက်နေပြီး ၁၈၈၉-ခုမှာ ပြစ်သစ်ပိုင် အင်ဒိုချိုင်းနားက ဆိုင်ဂုံကို ရောက်သွားတယ်။ ဆိုင်ဂုံမြို့နဲ့ သုံးမိုင်အကွာ တရုတ် အများစု နေထိုင်တဲ့ ချောင်လုံ ဆိုတဲ့ မြို့ငယ်လေးမှာ အခြေချတယ်။ မြင်းခုံတိုင်မင်းသား ကတော့ ဗာရာဏသီမှာပဲ ၁၈၈၅-ခုမှာ ဆုံးတယ်။ ပြင်သစ်နယ်ထဲ ရောက်နေတဲ့ မြင်ကွန်းမင်းသားလို မင်းသားတွေ ကြောင့် ဗြိတိသျှတွေဟာ အထက် မြန်မာပြည်ကို သိမ်းပြီး များ မကြာခင်မှာပဲ ရှမ်းပြည်ကို သိမ်းရတယ်။ မသိမ်းလို့လည်း မရဘူးလေ။ အဲဒီ အချိန်တုန်းက ရှမ်းစော်ဘွားတွေ အများစုက မြန်မာ မင်းညီမင်းသားတွေနဲ့ ဆွေမျိုးနီးစပ်တွေ များတယ်။ စော်ဘွားတွေက လင်ပင်မင်းသားကို ဦးဆောင်စေပြီး မန္တလေးကို ပြန်သိမ်းဖို့ အကြံအစည် ရှိတယ်လို့လည်း ဆိုတယ်။ ဒီမင်းသားတွေ အကြောင်းဖတ်ရင်းနဲ့ ဘာသွားတွေ့လည်း ဆိုတော့ မင်းတုန်းမင်း လက်ထက်မှာ ကတည်းက ပြင်သစ်လိုလားသူ အဖွဲ့နဲ့ ဗြိတိသျှ ဩဇာခံချင်သူ အဖွဲ့ဆိုပြီး ကွဲနေပုံရတယ်။ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပြီးကတည်းက မြန်မာတွေမှာ ရေကြောင်းထွက် ပေါက် မရှိတော့ဘူး။ ကုန်စည် ဖလှယ်တာက အစ ဗြိတိသျှ ကုန်သည်တွေက ချုပ်ထားတယ်။ အဲဒီတော့ တရုတ်ကို အားကိုးနေရသလို ဖြစ်နေတယ်။ ပြီးတော့ အင်္ဂလိပ်ဟာ အထက် မြန်မာပြည်ကို တစ်နည်းနဲ့ တစ်နည်း သိမ်းတော့မယ် ဆိုတာကို တွက်ထားတဲ့ သူတွေရှိတယ်။ အဲဒါကြောင့် ယိုးဒယား အတုခိုးပြီး အင်္ဂလိပ် ဩဇာခံ ဒါမှ မဟုတ် ပြင်သစ် မဟာမိတ် ပုံစံ နေချင်တဲ့ သဘော မျိုး တွေ တွေ့ရတယ်။ သီဘောမင်းလည်း ဒီလိုပဲ မျှော်လင့်ထားခဲ့တာပဲ။ မြင်ကွန်းမင်းသား ဆိုရင်လည်း မြန်မာပြည် တစ်ခုလုံး ဗြိတိသျှလက်အောက် ရောက်သွားတာတောင် ထီးနန်းပြန်ရမယ်လို့ မျှော်လင့်နေတုန်းပဲ။ ဒီအကြောင်းတွေနဲ့ ဆက်စပ်လို့ မထင်မှတ်ပဲ တွေ့မိတဲ့ အချက် ၂-ခု ရှိတယ်။ တစ်ချက်က ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးဟာ မြင်ကွန်းမင်းသားကြီးရဲ့ အနွယ်ဖြစ်တယ်လို့ ဗိုလ်ချုပ်က ကြော်ငြာဝင်ခဲ့တယ် ဆိုတဲ့ အကြောင်းပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ ဟုတ်ခဲ့ရင်လည်း ကိုယ့်မင်းကိုယ့်ချင်းကို သဘောကျတဲ့ မြန်မာတွေ အတွက် စိတ်သက်သာရာ ရအောင် ပြောသွားတာ ဖြစ်မယ်။ နောက်တစ်ချက်ကတော့ မြင်ကွန်းမင်းသားကြီးရဲ့ သမီးတော် တစ်ပါး အကြောင်း ပဲ။ ဒေါက်တာ (ဆန္ဒမစောကြပါနဲ့) မောင်မောင် စာအုပ်ထဲမှာ ပါတယ်။ ဘာဘွဲ့နာမည်မှ မပါပဲ ဒေါ်ဖြူ (မဖြူ)လို့ ခေါ်တဲ့ အတွက် မြန်မာမင်းသမီး တစ်ပါးပါးက ဆင်းသက်လာတာတော့ ဟုတ်ပုံမရဘူး။ ဗြိတိသျှတို့က မြန်မာပြည်ကို သိမ်းပြီးတဲ့ အခါ မြင်ကွန်းမင်းသားကြီးကို ပြင်သစ်တွေက သိပ် အလေးမထားတော့တဲ့ အတွက် အတော်ကို ချို့ချို့တဲ့တဲ့ ဖြစ်သွားတယ်။ မဖြူတို့ သားအမိ ကတော့ ပိုဆိုးတာပေါ့။ မဖြူရဲ့ အမေက မဖြူကို မြန်မာလူမျိုးနဲ့ပဲ အိမ်ထောင်ပြုစေချင်တယ်။ မိခင်ရဲ့ ဆန္ဒအတိုင်း အိမ်ထောင်ပြုခဲ့ပေမယ့် ယောင်္ကျားဖြစ်သူက မူမမှန်တဲ့ အတွက် မခွေးဆိုတဲ့ သမီးလေး တစ်ယောက်ရပြီး ချိန်မှာ ယောင်္ကျားနဲ့ ကွဲသွားတယ်။ အဲဒီနောက် အိမ်ဖော်အလုပ်၊ ထမင်းချက် အလုပ်၊ လမ်းဘေးကျဘမ်း ဈေးရောင်းတဲ့ အလုပ် လုပ်ရတယ်။ နောက်ပိုင်း အိမ်ထောင်တွေ အများကြီး ပြုခဲ့ပေမယ့် ဘယ်သူနဲ့ မှ မမြဲခဲ့ဘူး။ အင်ဒိုချိုင်းနားဒေသကို လာတဲ့ မြန်မာကုန်သည်တွေနဲ့ တွေ့ပေမယ့် သူ့ကို ဘယ်သူမှ အကူအညီပေးတယ် ရယ်လို့ မရှိခဲ့ဘူးတဲ့။ သူ့ သမီး မခွေး အရွယ်ရောက် လာလို့ အိမ်ထောင် ကျတဲ့ အခါမှ မဖြူ ပရုပ်ဆီလုပ်ငန်းကို စပြီး လုပ်ခဲ့တယ်။ မဖြူပရုပ်ဆီဟာ ဘယ်လောက် နာမည် ကြီးလည်း ဆိုရင် စင်္ကာပူ မလေးရှား မှာ ကျားဘန်းပရုပ်ဆီ နာမည်ကြီးသလို ဗီယက်နမ် ကမ်ဘောဒီးယား လားအိုးစ် တစ်ခွင်မှာ မဖြူမှ မဖြူပဲတဲ့။ မဖြူဟာ စကော့ရှ် ဝီစကီကို ကြိုက်တယ်၊ ကာစီနိုတွေမှာ အကြီးအကျယ် လောင်းကစား လုပ်တယ်။ ဒါပေမယ့် ဘာသာရေး အလွန်ကိုင်းရှိုင်းတယ်တဲ့။ ဗုဒ္ဓဘာသာ အတွက် သံဃာတော်တွေ အတွက်ဆို အလှူအတန်း အလွန် ရက်ရောတယ်တဲ့။ ဆဋ္ဌသံဃာယနာ တင်တဲ့ အခါ ဖနွမ်းပင်ကနေ ကမ္ဘောဒီးယား သံဃာတော်တွေနဲ့ မြန်မာပြည်ကို ပထမ ဦးဆုံး အကြိမ်ရောက်ခဲ့တယ်။ ဗီယက်နမ်မှာ မွေးပေမယ့် မြန်မာသွေးက စကားပြောတယ် ဆိုပဲ။ မြင်ကွန်းမင်းသားကြီးရဲ့ အုတ်ဂူဟာ ဆိုင်ဂုံမှာ ရှိတယ်လို့ ဆိုတယ်။ မြန်မာတို့ရဲ့ ဒေါင်းတံဆိတ်ကြီး နဲ့ ပေါ့လေ။

No comments: