Saturday, June 7, 2014
ဆရာရှင့် ကျမအမေက ၅၉ နှစ်ရှိပြပြီ။ လေဖျန်းတာ တလခွဲရှိပါပြီ။ မနက်စောစောလမ်းလျှောက်တာ လေဖျန်းခြင်းအတွက် အကျိုးရှိမရှိကို သိချင်လို့ပါရှင်။
ဆေးစာတွေမှာ အရပ်အခေါ်တွေက နေရာတခုနဲ့တခု မတူကြပါ။ ရောထွေးခေါ်ကြတာလဲရှိတယ်။ အခု ဖေ့စ်ဘွတ် ချတ် ကနေမေးတာမှာ မေးတဲ့အတိုင်းဆိုရင် Edema ကိုယ်ရောင်တာ လို့ထင်ရတယ်။ ဆက်မေးမှ လေဖြတ်တာဖြစ်နေတယ်။
• Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေက များတယ်။ အာရုံကြောစနစ်၊ အထူးသဖြင့် ခါးရိုးမကြီးထဲက အာရုံကြောမှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။
• ထိခိုက်ဒဏ်ရာ၊ Poliomyelitis ပိုလီယိုရောဂါ၊ Cerebral palsy မျက်နှာတခြမ်းလေဖြတ်တာ၊ Peripheral neuropathy အဖျားပိုင်းအာရုံကြောရောဂါ၊ ALS, Botulism, Spina bifida, Multiple sclerosis, Guillain-Barré syndrome ဆိုတဲ့ ရှားပါးရောဂါတွေကနေ လေဖြတ်နိုင်တယ်။
• ယာယီလေဖြတ်တာကို REM sleep အိပ်စက်ခြင်းမှာဖြစ်တယ်။
• Pseudoparalysis အတုလေဖြတ်တာလဲရှိတယ်။
• ကလေးတွေဆိုရင် Congenital syphilis မွေးရာပါ ဆစ်ဖလစ်ကြောင့် ဖြစ်မယ်။
• လူတွေအများဆုံးပြောလေ့ရှိတာက Stroke ဦးနှောက်-သွေးကြောရောဂါ၊ Brain hemorrhage ဦးနှောက်ထဲ သွေးကြောယိုတာနဲ့ Brain tumor ဦးနှောက် ကင်ဆာတွေဖြစ်တယ်။
ဖြစ်တော့မယ်ဆိုတာ တချို့က ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။
ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။
တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။
• သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊
• နားအကြား အားနည်းသွားခြင်း၊
• အရသာ ပျက်လာခြင်း၊
• ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊
• ချွေးစီးပြန်ခြင်း၊
• စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊
• မှတ်ဥာဏ်နည်းလာခြင်း၊
• အမျိုရခက်လာခြင်း၊
• အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊
• ခေါင်းမူးခြင်း၊
• ဆီး-ဝမ်း မထိန်းနိုင်ခြင်း၊
• ကိုယ်ကို မထိန်းနိုင်ခြင်း၊
• ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊
• ကြွက်သားတွေအားနည်းလာခြင်း၊
• ထုံကျင်လာခြင်း၊
• စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊
• လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း။
ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
Subscribe to:
Post Comments (Atom)
No comments:
Post a Comment